ဥရောပထိပ်တန်းလိဂ်တွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Author မောင်ရှမ်း
Categories
Published on Oct 19, 2024

 

မန်ယူနိုက်တက် – ဘရန့်ဖိုဒ့် (စနေနေ့ည ၈ နာရီခွဲ)

 

ပရီးမီးယားလိဂ်ပွဲစဉ် ၈ အဖြစ် မန်ယူနဲ့ ဘရန့်ဖိုဒ့်တို့ရဲ့ဆုံတွေ့မှုကတော့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီပွဲမတိုင်ခင်မှာ အိမ်ရှင် မန်ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ အထိရောက်နေတဲ့အသင်းဖြစ်တာကြောင့် နိုင်ပွဲတစ်ပွဲ အရေးပေါ်လိုအပ်နေတဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါ့အပြင် အသင်းအတွင်းမှာလည်း ပြောင်းလဲမှုတွေလုပ်ထားပြီး ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကို ကမ္ဘာလုံးဆိုင်ရာ သံတမန်ရာထူးကနေ ရပ်စဲခဲ့တာကလည်း ပရိသတ်တွေအကြား ဝိဝါဒကွဲပြားမှုတွေရှိနေပါတယ်။

ဘရန့်ဖိုဒ့်ကတော့ ၇ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်နဲ့ မန်ယူနိုက်တက်ထက် ၂ မှတ်အသာနဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဘရန့်ဖိုဒ့်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်မှာ ပွဲချိန် ၁ မိနစ်နဲ့ ၂ မိနစ်အတွင်း ဂိုးသွင်းထားနိုင်တာဖြစ်ပါတယ်။ အဲဒီမှတ်တမ်းကောင်းကို ဒီပွဲမှာ ဆက်ထိန်းနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ ထိပ်တိုက်တွေ့ဆုံမှုအနေအထားအရ နောက်ဆုံး ၅ ကြိမ်မှာ မန်ယူက ၃ ကြိမ်နိုင်၊ ၁ ကြိမ်သရေနဲ့ ၁ ကြိမ်ရှုံးထားပါတယ်။ လက်ရှိခြေစွမ်းအရ မတိမ်းမယိမ်းဆိုပေမဲ့ မဖြစ်မနေနိုင်ပွဲလိုအပ်နေတဲ့ မန်ယူနိုက်တက်တို့ အိမ်ကွင်းမှာ ရုန်းကန်ရင်း အနိုင်သုံးမှတ်ကို ရရှိသွားဖို့ များနေပါတယ်။

 

ခန့်မှန်းချက် – မန်ယူ ၂-၁ ဘရန့်ဖိုဒ့်

 

 

ဘုန်းမောက် – အာဆင်နယ် (စနေနေ့ည ၁၁ နာရီ)

 

အမှတ်ပေးဇယားအဆင့် ၁၃ မှာရပ်တည်နေတဲ့ ဘုန်းမောက်အတွက်တော့ ကြီးမားတဲ့ စမ်းသပ်မှုတစ်ခုပါ။ အာဆင်နယ်ကလည်း ဒီပွဲသာအနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ကို ယာယီတက်ရောက်လာမှာဖြစ်လို့ အားကုန်ထုတ်လာမှာသေချာပါတယ်။ ဒါပေမဲ့ ဒီပွဲက အာဆင်နယ်အတွက် ထင်သလောက်လွယ်ကူမှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နိုင်ငံတကာပွဲစဉ်တွေမှာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ ဒဏ်ရာတွေရခဲ့လို့ ဒီပွဲမှာ ပါဝင်နိုင်မလားဆိုတာ မရေရာတဲ့အနေအထားမှာရှိနေတာပါ။ အဲဒီကစားသမားတွေ မပါဝင်နိုင်ရင်တောင် အာဆင်နယ်ရဲ့ အနေအထားက ဘုန်းမောက်ထက် များစွာသာလွန်နေတာပါ။ တစ်ခုသတိချပ်သင့်တာကတော့ နောက်ဆုံးကစားထားတဲ့ ပွဲတွေမှာ အာဆင်နယ်ခံစစ်က တည်ငြိမ်မှုအနည်းငယ်ပျောက်ဆုံးနေတာကိုပါ။ ဒါပေမဲ့ လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ထိပ်တိုက်ဆုံနေချိန်မှာ အမှားအယွင်းမရှိအောင် ပြင်ဆင်လာမှာတော့ သေချာပါတယ်။ အာဆင်နယ်အတွက် ခက်ခက်ခဲခဲကစားပြီး အနိုင်သုံးမှတ်ရသွားဦးမှာပါ။

 

ခန့်မှန်းချက် – ဘုန်းမောက် ၀ – ၁ အာဆင်နယ်

 

ဆဲလ်တာဗီဂို – ရီးရဲလ်မက်ဒရစ် (တနင်္ဂနွေနေ့ မနက် ၁ နာရီခွဲ)

 

အိမ်ရှင် ဆဲလ်တာကတော့ ဒီရာသီ ၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေနဲ့ ၂ ပွဲရှုံးခဲ့ပြီး တိုက်စစ်က ၆ ဂိုးသာ ရခဲ့သလို ခံစစ်ကလည်း ၆ ဂိုးအထိ ပြန်ပေးထားရပါတယ်။ လက်ရှိချန်ပီယံ ရီးရဲလ်အတွက်ကတော့ ဒီပွဲက အမှားခံလို့ မရပါဘူး။ အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာကို အမီလိုက်ဖို့အတွက် ဒီလိုပွဲမျိုးကို အနိုင်ရဖို့ လိုအပ်ပါတယ်။ ရီးရဲလ်ခံစစ်မှာလည်း အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ဆဲလ်တာတို့ သွင်းဂိုးရသွားနိုင်ပါတယ်။ အဝေးကွင်းမှာ မက်ဒရစ်တို့ ကပ်နိုင်မယ့်ပွဲမျိုးပါပဲ။

 

ခန့်မှန်းချက် – ဆဲလ်တာဗီဂို ၁-၂ ရီးရဲလ်မက်ဒရစ်

 

လီဗာပူးလ် – ချဲလ်ဆီး (တနင်္ဂနွေနေ့ည ၁၀ နာရီ)

 

အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်အတွက်တော့ ပွဲကျပ်ကာလရဲ့ ပထမဆုံးပွဲမှာ ပုံစံကောင်းရနေတဲ့ မာရက်စ်ကာရဲ့ ချဲလ်ဆီးကို အန်ဖီးလ်မှာ ဧည့်ခံရမှာဖြစ်ပါတယ်။ လီဗာပူးလ်ဟာလည်း နည်းပြသစ် အာနေးစလော့ရဲ့လက်ထက်မှာ ယာဂင်ကလော့ကို မတောင့်တရလောက်တဲ့အထိ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသထားနိုင်အောင်ကစားထားနိုင်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံးကစားထားတဲ့ ၆ ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ သူတို့ရဲ့ခံစစ်ပါ။ ပရီးမီးယားလိဂ် ၇ ပွဲမှာ ပေးဂိုး ၂ ဂိုးသာရှိပြီး ဒီရာသီရဲ့ ခံစစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

ချဲလ်ဆီးကတော့ မာရက်စ်ကာလက်ထက် အစောပိုင်းမှာ ရုန်းကန်နေခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ တည်ငြိမ်မှု ပြန်ရလာခဲ့ပြီး ပြိုင်ပွဲစုံ ၅ ပွဲဆက်အနိုင်ရခဲ့ပေမဲ့ နောက်ဆုံးပွဲမှာတော့ ဖောရက်စ်ကို အိမ်ကွင်းမှာသရေကျခဲ့ပါတယ်။ ကစားသမားအင်အားအရ ချဲလ်ဆီးဟာ လီဗာပူးလ်ကို ယှဉ်နိုင်စွမ်းရှိနေတာကြောင့် စလော့နဲ့ မာရက်စ်ကာတို့ရဲ့ နည်းစနစ်ပိုင်းအားပြိုင်မှုကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ခြေစွမ်းပိုင်းအရ လီဗာပူးလ်က သာလွန်နေမယ်ဆိုပေမဲ့လည်း ချဲလ်ဆီးရဲ့ ရုန်းအားအရ ဒီပွဲဟာ သရေဖြစ်သွားရင်လည်း အံ့ဩစရာရှိမှာမဟုတ်ပါဘူး။

 

ခန့်မှန်းချက် – လီဗာပူးလ် ၁-၁ ချဲလ်ဆီး

 

ရိုးမား – အင်တာမီလန် (တနင်္လာနေ့ မနက် ၁ နာရီ ၁၅ မိနစ်)

 

ရိုးမားကတော့ စီးရီးအေ ၇ ပွဲကစားပြီးချိန်မှာ ၂ ပွဲသာအနိုင်ရထားပြီး နည်းပြအပြောင်းအလဲ လုပ်ထားရတဲ့အသင်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာလည်း နိုင်ပွဲ ၂ ပွဲ၊ သရေ ၂ ပွဲနဲ့ ရှုံးပွဲ ၁ ပွဲရှိထားပါတယ်။ လက်ရှိချန်ပီယံ အင်တာမီလန်အသင်းကတော့ ဒီရာသီမှာ မြို့ခံပြိုင်ဘက် အေစီမီလန်ကို ရှုံးနိမ့်ထားတဲ့ ရှုံးပွဲတစ်ပွဲသာရှိထားပြီး နာပိုလီရဲ့အောက် ၂ မှတ်အကွာနဲ့ ဒုတိယနေရာမှာရှိနေတာပါ။ သူ့အနေနဲ့ အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်ဖို့အတွက် ဒီလိုပွဲမျိုးကို မဖြစ်မနေ အနိုင်ကစားရမှာပါ။

 

ကစားသမားအင်အားအရ ကွာခြားချက်ရှိနေသလို ခြေစွမ်းပိုင်းလည်း အင်တာက အသာရနေပါတယ်။ အင်တာရဲ့တိုက်စစ်ပိုင်းမှာ မာတီနက်ဇ်နဲ့ သူရမ်တို့က ဂိုးသွင်းအားကောင်းနေပြီး ပေးဂိုးများနေတဲ့ ရိုးမားခံစစ်အနေနဲ့ ထိန်းချုပ်ဖို့ လွယ်ကူမယ်မထင်ပါဘူး။ အင်တာမီလန်ရဲ့ အနိုင်ဟာ ပြတ်သားသွားဖို့ ရှိနေပါတယ်။

 

ခန့်မှန်းချက် – ရိုးမား ၀ – ၂ အင်တာမီလန်