စနေနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု

Author မောင်ရှမ်း
Categories
Published on Oct 12, 2024

“တူချယ်ကို နည်းပြသစ်ခန့်ဖို့  FA ဆွေးနွေး”

 

အင်္ဂလန်လက်ရွေးစင်အသင်းဟာ ဒေါ့မွန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း သောမတ်စ် တူချယ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ရေး စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ ဂျာမနီရဲ့နာမည်ကျော်သတင်းစာ BILD ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“နည်းပြလောကက တစ်နှစ်နားမယ်လို့ မန်ယူနိုက်တက်နဲ့ သတင်းထွက်နေတဲ့ ဆောက်ဂိတ်ပြော”

 

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟောင်း ဂါရတ်ဆောက်ဂိတ်ကတော့ မန်ယူနည်းပြရာထူးနဲ့ သတင်းတွေထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ နောက်ထပ်တစ်နှစ်လောက်အထိ နည်းပြလောကထဲကို ပြန်လာဦးမှာမဟုတ်ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

“EPL ကစားသမားဟောင်း ၃၁ နှစ်မှာ သေဆုံး”

 

ပြီးခဲ့တဲ့နှစ်က အင်္ဂလန်ပရီးမီးယားလိဂ်ကနေ တန်းပြန်ဆင်းသွားတဲ့ ရှက်ဖီးယူနိုက်တက်ကစားသမားဟောင်း ဇော့ဘဲလ်ဒေါ့(၃၁ နှစ်)ဟာ ရေကူးနေရင်း ရေနစ်သေဆုံးခဲ့ပါတယ်။

လက်ရှိဂရိကလပ် ပါနာသီနိုင်ကိုစ့်အသင်းမှာ ကစားနေတဲ့ ဂရိလက်ရွေးစင်နောက်ခံလူ ဇော့ဘဲလ်ဒေါ့ဟာ အောက်တိုဘာလ ၉ ရက်နေ့က သူငှားရမ်းနေထိုင်တဲ့ နေအိမ်မှာရှိတဲ့ ရေကူးကန်အတွင်း သေဆုံးခဲ့တာပါ။

“လီဗာပူးလ်နောက်ခံလူဟောင်း ကစားသမားဘဝက အနားယူ”

 

လီဗာပူးလ်အသင်းနဲ့ ပြီးခဲ့တဲ့နွေကမှ လမ်းခွဲထားခဲ့တဲ့ ဂျိုးလ် မာတစ်ဟာ ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ အသက် ၃၃ နှစ်သာရှိသေးတဲ့ မာတစ်ဟာ လီဗာပူးလ်နဲ့အတူ ဆုဖလားအောင်မြင်မှုများစွာရရှိခဲ့သူဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ဇွန်လအကုန်မှာ အသင်းလက်မဲ့ဖြစ်ပြီးနောက်ပိုင်း ယခုအချိန်ထိ အသင်းသစ်မရသေးတာကြောင့် အနားယူဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

“ချဲလ်ဆီးနည်းပြသစ် စက်တင်ဘာ EPL အကောင်းဆုံးနည်းပြဆုရ”

 

ချဲလ်ဆီးနည်းပြသစ် အန်ဇို မာရက်စ်ကာဟာ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ရရှိသွားပါတယ်။ ချဲလ်ဆီးဟာ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေကျခဲ့ပြီး မာရက်စ်ကာအတွက်တော့ ဒီဆုဟာ သူ့ရဲ့နည်းပြဘ၀မှာ ပထမဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။

“ဟာလန်း နော်ဝေးမှာ ထာဝရသွင်းဂိုးအများဆုံးဖြစ်လာ”

 

နော်ဝေ တိုက်စစ်မှူး ဟာလန်းကတော့ ဥရောပနေးရှင်းလိဂ်ပွဲစဉ်အဖြစ် ဆလိုဗေးနီးယားကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးရယူနိုင်ခဲ့တာကြောင့် လက်ရွေးစင်အသင်းအတွက် ၃၆ ပွဲကစားပြီးချိန်မှာ ၃၄ ဂိုးနဲ့ အသင်းသမိုင်းရဲ့ ထာ၀ရသွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဂိုးသွင်းပြီးချိန်မှာတော့ ဘောလုံးကို ဂျာစီအတွင်းထဲထည့်ကာ အောင်ပွဲခံသွားခဲ့ပါတယ်။ ဒါဟာ သူ့ချစ်သူမှာ ကိုယ်ဝန်ဆောင်ထားရပြီဆိုတာ အသိပေးတာဖြစ်သလို သူ့ရဲ့ဆိုရှယ်မီဒီယာကနေလည်း မကြာခင်မှာ ကလေးအဖေဖြစ်တော့မယ်လို့ ဖွင်ဟထားခဲ့ပါတယ်။

 

“နာဒယ်လ် တင်းနစ်ကစားသမားဘဝက နားတော့မယ်”

 

စပိန်တင်းနစ် အကျော်အမော် ရာဖေးလ် နာဒယ်လ်ဟာ လာမယ့်နိုဝင်ဘာလ၊ စပိန်နိုင်ငံ၊ မာလာဂါမြို့မှာကျင်းပမယ့် Davis Cup အပြီးမှာ တင်းနစ်ကစားသမားဘ၀ကို အဆုံးသတ်မယ်လို့ တရားဝင်ကြေညာသွားခဲ့ပါတယ်။ နာဒယ်လ်ဟာ ကစားသမားဘ၀မှာ ဂရင်းဆလင်းချန်ပီယံဆု ၂၂ ကြိမ်အထိ ဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – Twitter