စစ်ကောင်စီကို လက်နက်ရောင်းချပေးနေသည့် နိုင်ငံများ ရပ်တန့်ပေးရန် ကုလသမဂ္ဂတွင် ဦးကျော်မိုးထွန်းတောင်းဆို

Author မွန်လေး
Categories
Published on Oct 12, 2022

စစ်ကောင်စီကို လက်နက်ရောင်းချပေးနေသည့် နိုင်ငံများအနေဖြင့် လက်နက်များ၊ ဆက်စပ်နည်းပညာနှင့် စစ်လက်နက်ပစ္စည်းရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးရန် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် တောင်းဆိုခဲ့သည်။

အောက်တိုဘာ ၁၁ ရက်က နယူးယောက်မြို့တွင်ပြုလုပ်သည့် ၇၇ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ(လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ)၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုက်အ၀န်း၏ တောင်းဆိုမှုကို မသိကျိုးကျွန်ပြုပြီး စစ်ကောင်စီထံ စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနေသည့် နိုင်ငံများရှိနေကြောင်း၊ အဆိုပါ လက်နက်များဖြင့် စစ်တပ်သည် မြန်မာပြည်သူများအပေါ် ရက်စက်စွာ သတ်ဖြတ်မှုများကို ကျူးလွန်နေသည်ဟု ပြောကြားသည်။

နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်မှု၊ လူမဆန်မှုနှင့် ယုတ်မာမှုများကို မြင်တွေ့ခဲ့ရပြီဖြစ်ပါကြောင်း၊ စစ်တပ်၏ လူမဆန်သောရက်စက်မှုများသည် ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ကျူးလွန်နေခြင်းမဟုတ်သကဲ့သို့ နောက်ဆုံးအကြိမ်ကျူးလွန်ခြေင်းလည်းမဟုတ်ကြောင်း သံအမတ်ကြီးကပြောကြားသည်။

မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် မြန်မာစစ်တပ်သို့ လက်နက်နှင် ဆက်စပ်ပစ္စည်းများရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ်တွင် များစွာ မူတည်နေကြောင်း၊ စစ်တပ်အနေဖြင့် လက်နက်များ ဆက်လက်ရရှိနေမည်ဆိုပါက အပြစ်မဲ့ပြည်သူများနှင့် ကလေးငယ်များအပေါ် လူမဆန်သော ရက်စက်မှုများ ဆက်လက်ကျူးလွန်နေမည်မှာ မလွဲဧကန်ဖြစ်ကြောင်းသံအမတ်ကြီးက ဆိုသည်။

ထို့ကြောင့် ရောင်းချတင်သွင်းပေးပို့နေသည့် နိုင်ငံများအနေဖြင့် မြန်မာပြည်သူများအပေါ်ကျူးလွန်နေသည့် စစ်တပ်၏ ရက်စက်သတ်ဖြတ်မှုများတွင် ပူးတွဲပါ၀င်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးတွင် ပြောကြားခဲ့သည်။

Related News

Depend on news