ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Mr Toru Kubotaကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ် ထပ်မံအမိန့်ချ

Author အောင်နိူင်သူ
Categories
Published on Oct 12, 2022

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Mr Toru Kubota ကို အင်းစိန်အကျဥ်းထောင်ရှိ စစ်ခုံရုံးကနေ ယနေ့ နံနက်ပိုင်းက ထောင်ဒဏ်သုံးနှစ်အမိန့်ချခဲ့သည်ဟု အကျဥ်းဦးစီးနှင့် နီးစပ်သူတွေဆီက သိရသည်။

အင်းစိန်အကျဥ်းထောင်ရှိ စစ်ခုံရုံးကနေ ယနေ့ နံနက်ပိုင်းက ဂျပန်သတင်းထောက် Mr Toru Kubota ကို လဝကဥပဒေပုဒ်မ ၁၃(၁)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်ဟုရှေနေတစ်ဦးက CJ Platform ကို ပြောသည်။

“စစ်အုပ်ချုပ်ရေးမြို့နယ်ထဲက ဆိုတော့ မြန်တယ် စစ်တာဆေးတာရော အမိန့်ချတာရော ဒီနေ့ ချလိုက်တဲ့ ထောင်ဒဏ်နဲ့ဆို စုစုပေါင်း ထောင်ဆယ်နှစ် ကျခံရမှာ”ဟု ရှင်းပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ရက်နေ့ နေ့လယ်ပိုင်းကလည်း Mr Toru Kubota ကိုအင်းစိန်အကျဥ်းထောင်ရှိ စစ်ခုံရုံးကနေ ပုဒ်မ ၅၀၅(က)နှင့်အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) အမှုနှစ်မှုအတွက် ထောင်ဒဏ်ခုနှစ်နှစ်ချမှတ်ခဲ့သည်။

Mr Toru Kubota နှင့် နိူင်ငံရေး တက်ကြွလှုပ်ရှားသူလူငယ်နှစ်ဦးကို ဇူလိုင်လ၃၀ ရက်က တောင်ဒဂုံမြို့နယ် ၁၉ ရပ်ကွက် မြိတ်လမ်းတွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့တာ ဖြစ်သည်။

စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးပြီးနောက် အင်းစိန်ထောင်ကို ပို့ဆောင်ကာ သြဂုတ်လ ၃၀ရက်နေ့တွင် လ၀ကဥပဒေပုဒ်မ-၁၃(၁)နှင့် ပုဒ်မ-၅၀၅ (က)တို့ဖြင့်စတင် တရားစွဲဆိုခဲ့ပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က)ဖြင့် ထပ်တိုး တရားစွဲဆိုခဲ့တာဖြစ်သည်။