‘အဘ’ လို့မခေါ်ဖို့ပြောတဲ့ NLD မန်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင် ဈာပန မနက်ဖြန် လုပ်မယ်

Author ကိုထားဝယ်
Categories
Published on Oct 07, 2024

‘အဘ’ လို့မခေါ်ဖို့ပြောခဲ့တဲ့ စစ်တပ်ရဲ့နှစ်ခါပြန်ဖမ်းဆီးထောင်ချခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မန္တလေး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ဟာ ဒီကနေ့ မနက်ပိုင်း မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။

 

သူ့ရဲ့ နိုင်ငံရေးအကောင်းဆုံးအချိန်တွေကို ၁၉၈၈ နဲ့ ၂၀၂၁ ခုနှစ်တို့ရဲ့ အာဏာသိမ်းစစ်တပ်တွေရဲ့ မတရားထောင်သွင်းအကျဉ်းချခံရပြီး ထောင်ထဲမှာ ၂၃ နှစ်ခန့်ကြာ ကုန်လွန်ခဲ့ရပါတယ်။

 

အသက် ၇၃ နှစ်အရွယ်ရှိ NLD ဒုဥက္ကဋ္ဌရဲ့ ဈာပနကို မနက်ဖြန် အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီမှာ မန္တလေးမြို့၊ ကျွဲဆည်ကန်(ဃ)ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ သူ့ရဲ့ နေအိမ်ကနေ တောင်အင်းမြောက်အင်းသုဿန်ကို ပို့ဆောင် မီးသင်္ဂြိုလ်မှာဖြစ်ပါတယ်။

ဒေါက်ဇော်မှာ ၂၀၁၉ ခုနှစ်ကတည်းက ခံစားနေရတဲ့ သွေးကင်ဆာရောဂါ ထောင်တွင်းမှာ ဆိုးရွားလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ နှစ်ရက်ကမှ မန္တလေးဆေးရုံကြီးကို တင်ပို့ကုသခွင့်ပေးခဲ့တယ်လို့ မန်းအသိုင်းအဝိုင်းက ဆိုပါတယ်။

 

သူမသေဆုံးခင် သူ့ကို ထောင်ဒဏ် နှစ် ၃၀ နီးပါးချထားတဲ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုပြီး အောက်တိုဘာ ၆ ရက်စွဲနဲ့ စစ်ကောင်စီဘက်က လျို့ဝှက်စာတစ်စောင်ထုတ်ခဲ့ပေမဲ့ မိသားစုနဲ့ ၎င်းအနေနဲ့ ကြိုတင်သိရှိတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

 

ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အဲဒီနှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ ၁၉၉၀ မှာ ထောင် ၂၅ နှစ်နဲ့ ၁၉၉၆ ခုနှစ်မှာ ထောင် ခုနစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ချမှတ်ခံခဲ့ရပြီးနောက် ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီလအတွင်း ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားအဖြစ် ထပ်မံရွေးကောက်ခံရသလို ၂၀၁၅ ရွေးကောက်ပွဲမှာ အမရပူရရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

သူဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံရပြီး မန္တလေးတိုင်းလွှတ်တော်မှာ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးအပြီး မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ သူ့ကို ‘အဘ’ လို့ မခေါ်ဖို့၊ ဆရာ ဒါမှမဟုတ် အန်ကယ်လို့သာခေါ်ဖို့ ပြောခဲ့သူဖြစ်ပါတယ်။

ဒေါက်ဇော်လို့ ရင်းနှီးသူအသိုင်းအဝိုင်းက ခေါ်ကြတဲ့ ၎င်းကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။

 

မန္တလေးမြို့ စိန့်ပီတာကျောင်း(အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း)ကနေ အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီးနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံမှာ လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်မှာ ဇီဝဓာတုဗေဒသရုပ်ပြဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

 

သူသေဆုံးရခြင်းအပေါ် မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နှမြောတသသဖြစ်နေခဲ့ပြီး မတရားဖမ်းဆီးထောင်ချထားတဲ့ စစ်ကောင်စီကို ပြစ်တင်ဝေဖန်မှုတွေပြုလုပ်နေကြပါတယ်။

 

ဓာတ်ပုံ – Nay Myo Lin’s Facebook