“ဒီတစ်ပတ် ရွှေဈေးကွက် အခြေအနေ” (စက်တင်ဘာ ၃၀ မှ အောက်တိုဘာ ၅ အထိ)

Author ကိုထားဝယ်
Categories
Published on Oct 06, 2024

“အဝယ်မရှိပေမဲ့ တအိအိသာကျတဲ့ ရွှေဈေး”

 

စစ်ဘေးနဲ့အတူ ရေဘေးဖိထောင်းခံရပြီးနောက် သန်းခေါင်စာရင်းကောက်ယူမှုတွေဆီ အာရုံစိုက်နေချိန် ရွှေဝယ်သူမရှိသလောက် ဖြစ်နေပေမဲ့ ဈေးနှုန်းတွေကတော့ ထိုးကျတာမျိုးမရှိဘဲ တအိအိသာကျဆင်းနေပါတယ်။

 

ဒီတစ်ပတ် စက်တင်ဘာနဲ့ အောက်တိုဘာ အစရက်ပိုင်းတွေမှာ ပြီးခဲ့တဲ့အပတ်တွေကလို ရွှေဈေးခပ်အေးအေးပဲရှိခဲ့ပါတယ်။

 

စက်တင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ၆၅ သိန်းနဲ့ ဖွင့်ခဲ့ပြီး ၆၄ သိန်းခွဲနဲ့ အဲဒီနေ့မှာ ပိတ်ခဲ့ပါတယ်။ အဲဒီနောက် ၁၆ ပဲရည်တစ်ကျပ်သား ၆၃ သိန်းအထိ ဗုဒ္ဓဟူးနေ့မှာကျဆင်းခဲ့ပါတယ်။

 

ဒီတစ်ပတ်ထဲ ရွှေဈေးအလှုပ်ခပ်ဆုံးဖြစ်ခဲ့တဲ့ ကြာသာပတေးနေ့မှာတော့ ၁၆ ပဲရည်တစ်ကျပ်သား ၆၅ သိန်းခွဲအထိ ရွှေဈေးကို စွဲတင်ခဲ့ကြပေမဲ့ ညနေပိုင်းမှာ ၆၄ သိန်းနဲ့ ပြန်ပိတ်ခဲ့ပါတယ်။

 

သောကြာနေ့မှာတော့ တစ်ကျပ်သား ၆၃ သိန်းခွဲကို ပြန်လည်ကျဆင်းခဲ့ပြီး စနေမှာလည်း အဲဒီဈေးနဲ့သာ ငြိမ်သက်သွားခဲ့ပါတယ်။

 

တစ်ပတ်လုံးအတိုင်းအတာအရ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို ကျပ်တစ်သိန်းခွဲကျဆင်းခဲ့ပါတယ်။

 

ကမ္ဘာမှာ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း ၀ ဒသမ ၀၂ ရာခိုင်နှုန်း ထပ်မံလျှော့ချမယ့်သတင်းတွေကြောင့် ကန်ဒေါ်လာဈေးကျဆင်းလာခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေး အမြင့်ဈေးမှာ ဆက်ရှိနေတာတွေ့ရပါတယ်။

 

ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ဈေးထက်တော့ အနည်းငယ်ကျဆင်းသွားပြီး ဒီတစ်ပတ်လုံးမှာတော့ တနင်္လာအဖွင့်ဈေး တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၆၅၃ နဲ့ စနေနေ့မှာ ဈေးပိတ်ခဲ့ပါတယ်။

 

ပြည်တွင်းရွှေဈေးနှုန်းတွေကတော့ ၁၅ ပဲရည် တစ်ကျပ်သား ၅၉ သိန်း ခုနစ်သောင်းခွဲကျပ်နဲ့ ၁၆ ပဲရည်တစ်ကျပ်သား ၆၃ သိန်းခွဲဖြစ်ပါတယ်။