ရွှေစျေး သိန်း ၇၀ ကျော်နဲ့ တစ်ဒေါ်လာ ၅၈၀၀ ကျပ်နီးပါးနဲ့ စံချိန်သစ်တင်

Author ကိုထားဝယ်
Categories
Published on Aug 08, 2024

ဆက်တိုက်မြင့်တက်နေတဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေဟာ ဒီကနေ့မှာတော့ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ်သိန်း ၇၀ နဲ့ ငါးသောင်းအထိမြင့်တက်သွားတယ်လို့ ပြင်ပရွှေဈေးကွက်အတွင်းမှ သိရပါတယ်။

 

ပြီးခဲ့တဲ့အပတ်ထဲ တစ်ကျပ်သား ကျပ်သိန်း ၇၀ နီးပါးအထိ မြင့်တက်ခဲ့တဲ့ ရွှေဈေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းထဲ တစ်ကျပ်သား ကျပ် ၆၈ သိန်းအောက်ကို ကျဆင်းသွားပါသေးတယ်။

 

ချက်ချင်းဆိုသလို ပြန်မြင့်တက်လာချိန်မှာတော့ တစ်ကျပ်သား ကျပ်သိန်း ၇၀ နဲ့ ငါးသောင်းဆိုတဲ့ စံချိန်သစ်ဈေးအထိ ရောက်ရှိသွားတာဖြစ်ပါတယ်။

 

“အခုချိန်မှာ သိကြားမင်းလာတားတောင် ရွှေဈေးက ကျမှာမဟုတ်ဘူး” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

 

အလားတူ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေးလဲနှုန်းတွေလည်း ဒီကနေ့မှာ အဆမတန်မြင့်တက်လာခဲ့တယ်လို့ အဲဒီဈေးကွက်အတွင်းမှ သိရပါတယ်။

 

ဒီကနေ့နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၅၈၀၀ ကျပ်နီးပါး၊ စင်ကာပူတစ်ဒေါ်လာ ၄၂၀၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၆၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၂၆၀ ကျပ်ကျော်၊ တရုတ်တစ်ယွမ် ၇၉၀ ကျပ်နဲ့ ဂျပန်တစ်ယမ်း ၄၀ ကျပ်နီးပါးအထိ မြင့်တက်လာတယ်လို့ ငွေကြေးဈေးကွက်အတွင်းမှ သိရပါတယ်။