ပြီးဆုံးဖို့နီးကပ်လာတဲ့ ၂၀၂၄ ပါရီအိုလံပစ်မှာ အမေရိကန်နဲ့ တရုတ်တို့ ရွှေတံဆိပ် ၂၁ ခုဆီနဲ့ အားပြိုင်နေ၊ ဆုတံဆိပ်ဇယားကို ၇၉ ခုနဲ့ အမေရိကန်ဦးဆောင်

Author မောင်ရှမ်း
Categories
Published on Aug 06, 2024

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲ ပြီးဆုံးဖို့နီးကပ်လာတာနဲ့အမျှ ပြိုင်ပွဲတိုင်းက ပြင်းထန်နေပါတယ်။

 

ရေကုန်ရေခမ်းယှဉ်ပြိုင်ပွဲတွေမှာ အမေရိကန်ပြည်ထောင်စုက ဆုတံဆိပ်ဇယားကို ဦးဆောင်ထားပြီး သူ့နောက်က တရုတ်နဲ့ အိမ်ရှင်ပြင်သစ်တို့က လိုက်နေပါတယ်။

 

ပြိုင်ပွဲဝင် နိုင်ငံ ၂၀၀ ကျော်အနက် အမေရိကန်ပြည်ထောင်စုဟာ လတ်တလော ဆုတံဆိပ်ဇယားမှာ စုစုပေါင်း ၇၉ ခုနဲ့ ပထမ၊ တရုတ်က ၅၃ ခုနဲ့ ဒုတိယ၊ အိမ်ရှင်ပြင်သစ်ကတော့ ၄၈ ခုနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ ရွှေတံဆိပ်ရရှိမှုမှာတော့ အမေရိကန်နဲ့ တရုတ်တို့က ၂၁ ခုစီနဲ့ အားပြိုင်နေကြဆဲ ဖြစ်ပါတယ်။

 

တဖက်က အိုလံပစ်ပြိုင်ပွဲမှာ ပရိသတ်စိတ်ဝင်စားမှုအများဆုံးလို့ဆိုနိုင်တဲ့ အမျိုးသားဘောလုံးပြိုင်ပွဲမှာတော့ အမေရိကန်ရော၊ တရုတ်တို့ပါ ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာသွားခဲ့ရပေမဲ့ ဆီမီးဖိုင်နယ်အဆင့်ရောက်လာတဲ့ အမျိုးသမီးဘောလုံးပွဲစဉ်တွေမှာတော့ အမေရိကန်ပြည်ထောင်စုက ဂျာမနီအသင့်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

 

အမျိုးသားအသင်းတွေဘက်မှာတော့ ဆီမီးဖိုင်နယ်အဆင့်မှာ အိမ်ရှင် ပြင်သစ်က အီဂျစ်ကို နောက်ကနေလိုက်ကစားပြီး မိနစ် ၉၀ အတွင်း တစ်ဂိုးစီသရေကျခဲ့ကာ အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရာမှာတော့ ၃-၁ ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်လာခဲ့ပါတယ်။

 

တခြားတစ်ဖက်မှာတော့ စပိန်က မော်ရိုကို ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ စပိန်ဟာလည်း ပထမပိုင်းမှာ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပြီးမှ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အနိုင်ရကာ ဗိုလ်လုပွဲဆက် တက်လာခဲ့တာပါ။

 

အီဂျစ်နဲ့ မော်ရိုကိုတို့ရဲ့ ကြေးတံဆိပ်ဆုအတွက် တတိယလုပွဲကို ဩဂုတ်လ ၈ ရက်နေ့မှာ ကစားသွားမှာဖြစ်ပြီး ဩဂုတ်လ ၉ ရက်နေ့မှာ စပိန်နဲ့ ပြင်သစ်တို့ ဗိုလ်ကြရမှာပါ။

 

အမျိုးသမီးဘောလုံးပြိုင်ပွဲမှာလည်း ဆီမီးအဆင့်ကို ရောက်ရှိနေပြီး ဘရာဇီးလ်နဲ့ စပိန်၊ အမေရိကန်နဲ့ ဂျာမနီတို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေကို ဩဂုတ်လ ၆ ရက်နဲ့ ၇ ရက်နေ့တို့မှာ ယှဉ်ပြိုင်သွားဖို့ရှိနေပြီး ဗိုလ်လုပွဲကိုတော့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

၂၀၂၄ ခုနှစ်ပါရီအိုလံပစ်ပြိုင်ပွဲကြီးမှာ အားကစားအမျိုးအစားပေါင်း ၃၂ မျိုးပါဝင်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်က ပါဝင်ယှဉ်ပြိုင်နေကြပြီး ဩဂုတ် ၁၁ ရက်နေ့တွင် အဆုံးသတ်မှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Paris 2024