စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေချိန်တွင် သူရဦးရွှေမန်းဦးဆောင်သည့် UBP ပါတီဖျက်သိမ်းရန် ပြင်ဆင်

Author အောင်နိူင်သူ
Categories
Published on Oct 11, 2022

စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း ဦးဆောင်တည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းရန် ပါတီခေါင်းဆောင်များက စီစဉ်နေသည်ဟု ပါတီနှင့်နီးစပ်သူများထံမှ သိရသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် ၂၀၂၃ ရွေးကောက်ပွဲတွင် စစ်တပ်ထုတ်ထားသည့် အမိန့်များကြောင့် ရွေးကောက်ပွဲမဝင်တော့ဘဲ ပါတီဖျက်သိမ်းရန်ညှိနှိုင်စည်းဝေးနေသည်ဟု အမည်မဖော်လိုသူ ပါတီအလုပ်အမှုဆောင်တစ်ဦးက CJ Platform ကိုပြောသည်။

“ပါတီထဲမှာတော့ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်နေတယ် ပါတီဖျက်သိမ်းဖို့ စာကတော့ မထွက်သေးဘူး ဖျက်တာတော့ ဖျက်မှာပါ”ဟု ရှင်းပြသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် လာမည့် ၂၀၂၃ခုနှစ်တွင် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးမည်ဆိုသည့် အကြောင်း
ပြချက်လည်း မသေချာ၍ ပါတီကိုဖျက်သိမ်းတာဖြစ်နိူင်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်သာပြောတာ အခုထိပလန်မရှိဘူး စည်းရုံးရေးဆင်းဖို့ကလည်း ပုဒ်မ ၁၄၄
ကြောင့် မဖြစ်နိူင်ဘူး ဟိုဘက်မှာ ခင်ရီတို့အုပ်စုကလည်း စစ်တပ်နဲ့လက်ဝါးချင်းရိုက်ထားတာ အဲ့ဒါကြောင့် ဖျက်သိမ်းတာဖြစ်မယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် ကောင်းကျိုးဆောင်ပါတီကို ပါတီမှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းရန် ပါတီခေါင်းဆောင်များက
စီစဥ်နေကြသည်ဟု ပါတီဝင်အချို့ဆီက သိရသည်။

“ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ပါတီမှတ်ပုံတင်ခြင်းမှ ဖျက်သိမ်းရန် ဆောင်ရွက်နေပါပြီ”ဟု ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောလှထွန်းမှ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

NLD အစိုးရလက်ထက်တွင် သူရဦးရွှေမန်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးကောင်းများ ရှိခဲ့သူဖြစ်သည်။

သူရရွှေမန်းသည် ၂၀၁၃ ခုနှစ် မေလ ၁ ရက်မှ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့အထိ ပြည်ခိုင်ဖြိုးပါတီတွင်
ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို ၂၀၁၉ခုနှစ်ကစတင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။