“ဒီတစ်ပတ် ရွှေဈေး အတက်အကျ”(ဇူလိုင် ၂၈ မှ ဩဂုတ် ၃ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Aug 04, 2024

“စံချိန်သစ် ထပ်တင်တဲ့ ရွှေဈေး”

 

စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် စံချိန်အထပ်ထပ်တင်နေတဲ့ ပြည်တွင်းရွှေဈေးဟာ အခုရက်သတ္တအတွင်းမှာလည်း စံချိန်သစ်ထပ်မံတင်ရှိခဲ့ပြန်ပါတယ်။

 

ဒီတစ်ပတ်အတွင်း ပြင်ပရွှေဈေးကွက်ထဲ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ်သိန်း ၇၀ အထိမြင့်တက်ခဲ့ပါတယ်။

 

ငွေစက္ကူသစ်တွေ ထပ်ရိုက်နှိပ်ထုတ်နေတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်မှာပဲ အခုလို ဈေးတွေ ထိုးတက်လာခဲ့တာပါ။

ပြီးခဲ့တဲ့အပတ် စနေနေ့က ၁၆ ပဲရည်တစ်ကျပ်သား သိန်း ၆၀ ကျော်နဲ့ပိတ်ခဲ့ပေမဲ့ ဇူလိုင် ၂၉ ရက်ကစတင်ပြီး နေ့စဉ် သိန်းနဲ့ချီ မြင့်တက်ခဲ့တာပါ။ အဲဒီနောက် တစ်ပတ်အတွင်း ကျပ် ၁၀ သိန်းအထိမြင့်တက်ခဲ့ပါတယ်။

 

ပြင်ပရွှေဈေးကွက်ထဲ ဒီတစ်ပတ်သောကြာနေ့မှာ တစ်ကျပ်သား ကျပ်သိန်း ၇၀ ကျော်နဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး စနေနေ့မှာတော့ အနည်းငယ်ပြန်လည်ကျဆင်းခဲ့ပါတယ်။

 

စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း(YGEA)ရဲ့ သတ်မှတ်ဈေးကတော့ တစ်ပတ်အတွင်း အနည်းငယ်သာပြောင်းလဲခဲ့ပြီး အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ် ၄၇ သိန်း ခြောက်သောင်းကျော်သာ သတ်မှတ်ခဲ့ပါတယ်။

 

ဒါဟာ အမှန်တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ ပြင်ပရွှေဈေးနဲ့နှိုင်းယှဉ်ပါက တစ်ကျပ်သား ကျပ်သိန်း ၂၀ ကျော်အထိကွာဟနေပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ် စနေနေ့မှာ တစ်အောင်စ အမေရိကန် ၂၃၈၇ ဒေါ်လာနဲ့ စျေးကွက်ပိတ်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၂၄၄၂ ဒေါ်လာအထိ မြင့်တက်သွားခဲ့လို့ တစ်အောင်စကို ၅၅ ဒေါ်လာအထိ တက်သွားခဲ့တာဖြစ်ပါတယ်။