စစ်ကောင်စီက ကလေးငယ် ၃၀၀ ကျော်သတ်ခဲ့မှု ကုလသမဂ္ဂနှုတ်ဆိတ်နေသည်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း မေးခွန်းထုတ်

Author လင်းခိုင်
Categories
Published on Oct 11, 2022

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ယခုနှစ် အောက်တိုဘာ ၇ရက်အထိ ပြည်သူ ၂၃၃၉ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ပြီး အသက် ၁၄နှစ်အောက် ကလေးငယ် ၉၁ဦးနှင့် အသက် ၁၅နှစ်မှ ၁၉နှစ်ကြား လူငယ် ၂၀၉ ဦးသတ်ဖြတ်ခံရမှုကို ကုလသမဂ္ဂက နှုတ်ဆိတ်နေသည့်အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၀ ရက်တွင် နယူးယောက်မြို့၌ ပြုလုပ်သည့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရချိန် ကလေးသူငယ်များသည် အခြေခံအခွင့်အရေးများကို အပြည့်အ၀ခံစားနိုင်ရေး အာမခံချက်များရရှိသင့်ကြောင်း၊ မြန်မာနိုင်ငံမှ ကလေးသူငယ်များအတွက် ယင်းသို့ ကာကွယ်ပေးမှုမျိုးမရှိကြောင်း၊ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ကလေးသူငယ်များသည် အသက်အန္တရာယ်၊ လွတ်လပ်ခွင့်ကန့်သတ်ခံရခြင်းနှင့် အခွင့်အရေးများ ဖိနှိပ်ခံရခြင်းကို ကြုံတွေ့နေရကြောင်း သံအမတ်ကြီးကပြောကြားသည်။

ကလေးသူငယ်များသည် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များတွင် အဓိက ပစ်မှတ်ထားခံနေရကြောင်း၊ ယခုနှစ်မတ်လတွင် အသက် ၃နှစ် ၃လ အရွယ် ကလေးငယ်သည် မိခင်၊ အဖွားဖြစ်သူနှင့် ထောင်ဒဏ် သုံးနှစ်ချခံခဲ့ရကြောင်း၊ ကလေးငယ်နှစ်ဦး ရာဇ၀တ်သားကဲ့သို့ ဆက်ဆံခံနေရသည့်အချိန်တွင် ဘေးတွင် ဆိတ်ဆိတ်နေထိုင်ခြင်းမျိုး လုပ်နေနိုင်မည်ကို သဘာပတိနှင့် ကိုယ်စားလှယ်များကို မေးခွန်းထုတ်လိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်.

ထို့ပြင် ၂၀၂၂ စက်တင်ဘာ ၁၆ရက်တွင် စစ်ကောင်စီသည် စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ စာသင်ကျောင်းကို ဗုံးကြဲခဲ့ပြီး၊ အပြစ်မဲ့ကျောင်းသားများစွာ သေဆုံးခဲ့ပြီး၊ အလောင်းများကို မိဘများထံ ပြန်မပေးသည့်အပြင် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့သည့် ဆရာမနှင့် ကျောင်းသားများကို ဖမ်းဆီးခဲ့သည်ဟု သံအမတ်ကြီးက ကုလတွင်တင်ပြခဲ့သည်။

ရက်ပေါင်း ၆၀၀ ကျော်အတွင်း နိုင်ငံတကာ အသိုက်အ၀န်းထံမှ ရံဖန်ရံခါထွက်ပေါ်လာတတ်သည့် မိန့်ခွန်းးအချို့၊ ရှုတ်ချမှုများနှင့် တောင်းဆိုမှုများရှိသော်လည်း အကြမ်းဖက်စစ်တပ်သည် ပြစ်မှုမှ ကင်းလွတ်ခွင့် အခွင့်အရေးကို ရရှိနေကြောင်း သံအမတ်ကြီးကဆိုသည်။

စိုးရိမ်ပူပန်ကြောင်း နှုတ်ဖြင့် ပြောကြားမှုသည် စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်မျးကို ရပ်တန့်နိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် အကြမ်းဖက်စစ်တပ်အပေါ် အရေးယူတုံ့ပြန်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်ရန် နှောင့်နှေးနေသည့်အချိန်တိုင်းတွင် ကလေးသူငယ်များ၏ အသက်များနှင့် လွတ်လပ်ခွင့်များ ပေးဆပ်နေရသည်ကို သတိပေးလိုကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ကလေးသူငယ်များ၏ အသက်နှင့် အခွင့်အရေးကို ကာကွယ်ပေးသည့် ဆောင်ရွက်ချက်များအပါအ၀င် မြန်ဆန်ပြတ်သားသည့် ဆောင်ရွက်ချက်များပြုလုပ်ရန်၊ နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် မြန်မာပြည်သူများကို ကာကွယ်ပေးရန်တာ၀န်ယူရမည်ဖြစ်ကြောင်း၊ တာ၀န်ယူရန် နောက်ကျလျက်ရှိကြောင်း သံအမတ်ကြီးက ကုလအစည်းအဝေးတွင် ပြောကြားခဲ့သည်။