ပေါက်ခေါင်းကို စစ်ကောင်စီ အင်အား ၁၈၀ လောက်သုံးပြီး ဝင်နေ၊ နေအိမ်နဲ့ အရပ်သားနှစ်ဦး မီးရှို့သတ်ဖြတ်ခံရ

Published on Aug 03, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေဟာ စစ်ကောင်စီတပ်အင်အား ၁၈၀ ခန့်နဲ့ စစ်ကြောင်း သုံးကြောင်းခွဲပြီး ဇူလိုင်လ ၂၄ ရက်နေ့ကနေ ယမန်နေ့အထိ ဝင်ရောက်မွှေနှောက်ခြင်း ခံနေရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရပါတယ်။

 

အဲဒီမှာ ကျေးရွာတချို့က နေအိမ်တွေ မီးရှို့ခံရတဲ့အပြင် အရပ်သားနှစ်ဦးလည်း မီးရှို့သတ်ဖြတ်ခံထားရတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေက CJ Platform သို့ ပြောပါတယ်။

ပြည်မြို့ဘက်ကနေ ထွက်လာကြတဲ့ အဲဒီစစ်ကြောင်းတွေကနေ ဩဂုတ် ၁ ရက်မှာ လှည်းကူးကျေးရွာအုပ်စု၊ ဒေသအခေါ် တက်ကောတဲတိုက်က အိမ် ၁၅ လုံးကို မီးရှို့ခဲ့ပြီး အရပ်သားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ရဲဘော် Andy ပေါက်ခေါင်း ပကဖ ဆက်သွယ်ရေးတာဝန်ခံ က CJ Platform ကိုပြောပါတယ်။

 

“စစ်ကြောင်းတစ်ခုကို အင်အား ၆၀ လောက်ပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့ကတည်းက လှည်းကူးကျေးရွာဘက်ကို ရောက်နေကြတာပါ” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သူတွေဟာ ကျောက်ပျဥ်သာရွာကနေ ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားသုံးဦးထဲက ဖြစ်နိုင်တယ်လို့ CJ Platform ရဲ့ ခိုင်မာတဲ့သတင်းရင်းမြစ် ဒေသခံတစ်ဦးကဆိုပေမဲ့ CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။

အဲဒီစစ်ကောင်စီစစ်ကြောင်းတွေထဲက အင်အား ၁၀၀ ကျော်ဟာ ယမန်နေ့ ဩဂုတ် ၂ ရက် မနက် ၁၁ နာရီခန့်မှာ တစ်ဖွဲ့ကို အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းနှစ်ခုခွဲပြီးနောက် တစ်ကြောင်းက အောင်သပြေရွာက နေအိမ်တွေကို ထပ်မံမီးရှို့ခဲ့သလို နောက်တစ်ဖွဲ့က ပေါင်းတည်မြို့နယ်၊ ဘန့်ပွေးကန်ရွာကို ဝင်ရောက်သွားတယ်လို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။

 

ဇူလိုင်လ ၁၂ ရက်နေ့တုန်းက ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင် အထိုင်စခန်းက ဟင်းသီးဟင်းရွက်ရှာထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်-၃၆၀၁(PPDF)တပ်ရင်း တပ်ခွဲ(၁) မိုင်းကွင်းစောင့် ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံးပြီး တစ်ဦးအပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ- ပေါက်ခေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့

 

ပုံစာ – မီးရှို့ခံခဲ့ရတဲ့ တက်ကောတဲတိုက်က နေအိမ်များ