ပါရီအိုလံပစ်မှာ ရုပ်ရှင်မင်းသားဟန်နဲ့ဝင်ပြိုင် ဆုရတဲ့ တူရကီသေနတ်ပစ်အားကစားသမား ရေပန်းစားနေ

Author မောင်ရှမ်း
Categories
Published on Aug 02, 2024

ပြင်သစ်နိုင်ငံမှာကျင်းပနေတဲ့ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲရဲ့ ဆယ်မီတာ လေသေနတ်ပစ်ပြိုင်ပွဲမှာ တူရကီနိုင်ငံသား ယူဆွတ်ဖ် ဒီကစ်ဟာ စတိုင်ကျထူးခြားတဲ့ပြိုင်ပွဲဝင်ဟန်ကြောင့် ပရိသတ်တွေကြား အတော်လေးရေပန်းစားနေပါတယ်။

 

ယူဆွတ်ဖ် ဒီကစ်ဟာ တခြားပြိုင်ပွဲဝင်ကစားသမားတွေလို မှန်ဘီလူးတပ် မျက်မှန်၊ အသံကာ နားကြပ်တွေကို အသုံးမပြုဘဲ ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက်နှိုက်ပြီး ရုပ်ရှင်မင်းသားဟန် ထူးခြားတဲ့စတိုင်နဲ့ ယှဉ်ပြိုင်ပြီး ငွေတံဆိပ်ဆု ရယူသွားနိုင်ခဲ့ပါတယ်။

 

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစ်ဟာ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ သေနတ်ပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိသွားခဲ့တာပါ။

 

“ကျွန်တော့်အတွက်တော့ ရင်ခုန်စရာအခြေအနေပါပဲ။ အိုလံပစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဟာ တကယ့်ကို ခက်ခဲပါတယ်။ ကျွန်တော့်အတွက်တော့ အထူးဖန်တီးထားတဲ့ အကူပစ္စည်းတွေ မလိုအပ်ပါဘူး။ ကျွန်တော်ဟာ သာမန်သေနတ်ပစ် အားကစားသမားတစ်ယောက်ပါပဲ” လို့ ၎င်းက ဖွင့်ဟသွားခဲ့ပါတယ်။

 

ယူဆွတ်ဖ် ဒီကစ်ရဲ့‌ အောင်မြင်မှုနဲ့ပတ်သက်ပြီး တူရကီနိုင်ငံမှာရှိတဲ့ ပြင်သစ်သံရုံးကလည်း ဒီလိုထူးခြားတဲ့ စတိုင်နဲ့ ယှဉ်ပြိုင်ပြီး ငွေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်လို့ တူရကီဘာသာနဲ့ X လူမှုကွန်ယက်စာမျက်နှာမှာ ဂုဏ်ပြုရေးသားခဲ့ပါတယ်။

 

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမားတွေဟာ အားကစားအမျိုးအစား ၃၂ မျိုးက ဆုတံဆိပ် ၃၂၉ ခုအတွက် ယှဉ်ပြိုင်နေကြပါတယ်။

 

ဓာတ်ပုံ – Yahoo Sports