စစ်ခေါင်းဆောင်ပြန်အသက်သွင်းမယ့် သမဝါယမစနစ်အပေါ် ပြည်သူတွေ ဘာပြောလဲ?
ဆီတိုး၊ ဆန်တိုးဘဝ ပြန်ရောက်နေတဲ့ပြည်သူတွေကို ‘မြေနိမ့်ရာ လှံစိုက်’ တော့မယ် စနစ်ဟောင်းကို အသက်သွင်းဖို့ ယာယီသမ္မတ ရယူထားသူ အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ပြောလာပါတယ်။ အဲဒါကတော့ စစ်အစိုးရလက်ထက် စီးပွားရေးစနစ်တွေဖြစ်တဲ့ ဦးနေဝင်းရဲ့ ဆိုရှယ်လစ်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ မြန့်မာဈေးကွက်စီးပွားရေးလက်ထက်မှာ အထူးအောင်မြင်ခဲ့တဲ့ သမဝါယမစနစ်ကို ပြန်လည်ဖော်ဆောင်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ ဇူလိုင် ၂၉ ရက်က ခြောက်ကြိမ်မြောက် သူဦးဆောင်နေတဲ့ စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ထုတ်ပြောလာပါတယ်။ ဒါကြောင့် အရင်းရှင်စီးပွားရေးနဲ့မခြားတဲ့ သမဝါယမစနစ်ကို သိမီလိုက်သူများထံ အဆိုးကျော့သံသရာလည်လာပုံအကြောင်း ပြောလာတဲ့အသံတွေကို CJ Platform က ကောက်နုတ်ဖော်ပြအပ်ပါတယ်။
****************************************
“လူတွေကို အတိဒုက္ခရောက်အောင် တွန်းပို့တဲ့စနစ်လို့ပဲ အကြမ်းဖျင်း ပြောလို့ရတာပေါ့။”
သမခေတ်ထဲထဲဝင်ဝင် သိမီခဲ့သူ အမျိုးသားတစ်ဦး
သမခေတ်ဆိုတာက ကုန်းကောက်စရာမရှိတော့တဲ့ စီးပွားရေးစနစ်အောက်မှာ အကုန်လုံး တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတဲ့အခြေအနေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၊ ၅၀ လောက်က စနစ်တစ်ခုကို ပြန်အသက်သွင်းချင်တယ်လို့ မြင်ပါတယ်။ သမဝါယမဆိုတဲ့ စနစ်ဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်၊ ဈေးကွက်စီးပွားရေးနဲ့ ဆန့်ကျင်ဘက် သူက ဆိုရှယ်လစ်အတုအယောင်၊ ဆိုရှယ်လစ်စနစ်အောက်မှာ ကုန်ပစ္စည်းတွေကို ဖြန့်ပေးသလို မဖြန့်ပေးသလိုနဲ့ လူတွေ ဒုက္ခရောက်အောင် လုပ်တယ်လို့ပဲ ကျွန်တော်ကတော့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကြုံခဲ့ဖူးတဲ့ သမခေတ်က အင်မတန်ဆိုးဝါးတယ်။ ဥပမာ မြန်မာပြည်က ဆန်ရေစပါး ပေါကြွယ်ဝတယ်ပြောတယ်။ သို့သော်လည်းပဲ အဲဒီဆန်စပါးစိုက်နေတဲ့ တောင်သူတွေက အဲဒီသမဝါယမဆိုင်မှာ တစ်ပတ်တစ်ခါလောက် သွားတန်းစီပြီး မိသားစု သုံးလေးယောက်ရှိရင်ရှိသလောက် ဈေးပေါပေါနဲ့ ပြန်ရောင်းချပေးတဲ့စနစ်ပေါ့။ ဒါ ဆန်ကိုပဲပြောသေးတာ။ အလားတူပဲ ဆပ်ပြာတို့၊ ပဲတို့၊ ရေနံဆီတို့၊ ဆီတို့၊ စားသုံးဆီတို့ဆိုတာ ဈေးကွက်စီးပွားရေးဆိုတာ လုံးဝမရှိတော့ဘူး။ လူတွေကို အတိဒုက္ခရောက်အောင် တွန်းပို့တဲ့စနစ်လို့ပဲ အကြမ်းဖျင်း ပြောလို့ရတာပေါ့။
စစ်တပ်အသိုင်းအဝိုင်းနဲ့ သူတို့နဲ့ပတ်သက်တဲ့ ဝန်ထမ်းအသိုင်းအဝိုင်းအတွက် သီးသန့်ရောင်းချပေးနေတဲ့ ပဒုမ္မာဆိုင်ဆိုတာမျိုး သပ်သပ်ရှိတယ်။ အဲဒါက သမနာမည်နဲ့ မဟုတ်တော့ဘဲနဲ့ ပဒုမ္မာမှာကတော့ ပစ္စည်းတွေကို နိုင်ငံခြားက ပစ္စည်းတွေ၊ Quality ကောင်းတဲ့ ပစ္စည်းတွေကို အလွယ်တကူ ဝယ်လို့ရနေတာပေါ့နော်။ အဲဒီတော့ သူတို့က အခွင့်ထူးခံလူတန်းစားတစ်ရပ်အနေနဲ့ ရပ်တည်ခဲ့တာပေါ့။ ဆိုတော့ သမက လူတွေအားလုံး တပြေးညီထုတ်ပေးတဲ့စနစ်ဆိုလို့ရှိရင် အဲဒီစနစ်မှာလည်း အကျင့်ပျက်ခြစားမှုတွေ ခိုးဆိုးလုယက်မှုတွေ၊ လူအချင်းချင်းပေါ် ဖိနှိပ်မှုတွေကတော့ သမခေတ်မှာပေါ့။
အဲဒီအချိန်က တိုင်းပြည်က အပိတ်ကြီး။ ပြည်ပကမ္ဘာနဲ့ အဆက်ပြတ်နေတာကြီးပေါ့။ အဲဒီအချိန်ကဆို လစ်ပိုတစ်ပုလင်းသောက်ချင်ရင် ၁၅ ကျပ်နဲ့ Black Market(မှောင်ခိုဈေးကွက်) လဟာပြင်ဈေး၊ ရန်ကုန်လဟာပြင်ဈေးမှာ လစ်ပိုကို ၁၅ ကျပ်နဲ့ ခိုးဝယ်ပြီး သောက်ရတယ်။ လစ်ပိုကိုမိရင် ရဲက ဖမ်းတာမျိုး။
သမစနစ်က ဆိုးတယ်ဆိုတာထက် လူတွေရဲ့ တီထွင်ကြံဆမှု၊ လူတွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်၊ လူတွေကြားထဲမှာ ရှိသင့်ရှိထိုက်တဲ့ ကူးလူးဆက်ဆံမှုတွေကို အကုန်ရိုက်ချိုးဖျက်ဆီးတဲ့စနစ်ပေါ့။ ကောင်းလားဆိုးလားဆိုတာ ကိုယ့်ဘာသာစဉ်းစားကြည့်ပေတော့။
****************************************
“သူတို့ပေးတာပဲယူဆိုတဲ့သဘောလေ။ အခုအဲဒီခေတ်ကို ပြန်သွားချင်နေတာ။”
အသက် ၆၀ ဝန်းကျင်ရှိ ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦး
အဲဒီ အချိန်တုန်းကတော့ ဆန်ဝယ်ရဖို့တောင် စာအုပ်နဲ့လေ။ ဘယ်ရပ်ကွက်က ဘယ်သမဝါယမအသင်းမှာ ထုတ်ယူဝယ်ရန်ဆိုပြီး စာအုပ်လေးတွေနဲ။ ဆပ်ပြာက အစပါ။ ဆန်ရဖို့ကို သ/မဆိုင်မှာ တိုးတဲ့သူကတိုးနေရတဲ့သူနဲ့။ သူတို့ပေးတာပဲယူဆိုတဲ့သဘောလေ။ အခုအဲဒီခေတ်ကို ပြန်သွားချင်နေတာ။ အခုတောင် စားဆီကို သူတို့ပေးသလောက်တန်းစီဝယ်နေရပြီ။ ဒီစနစ်ကို မလုပ်ဘူးလို့မထင်နဲ့၊ လုပ်လာနိုင်တယ်။ နောက်ပြီး ကားဓာတ်ဆီလည်း အဲဒီခေတ်က တစ်ပတ်တစ်ခါ စာအုပ်နဲ့ တန်းစီဝယ်ရတာ။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ သပ်သပ်ကို တိုင်းပြည်ကိုရစရာမရှိအောင် ဖျက်ဆီးနေတာပါ။
****************************************
“အဲဒီအချိန်က မပေါများတဲ့ အချိန်ဆိုတော့ သွားတိုးကြရတာပဲ။”
ညောင်တုန်းက အသက် ၆၅ နှစ်အရွယ်အမျိုးသမီး
အိမ်ထောင်စုတစ်ခုကို သမဝါယမစာအုပ် တစ်အုပ် ထုတ်ပေးထားတယ်လေ။ တစ်လတစ်ခါ တစ်ခါတစ်ရံ ၁၅ ရက်ကြာတစ်ခါ ထုတ်ပေးတယ်။ သူတို့ထုတ်ပေးချင်တဲ့အချိန် ထုတ်ပေးတာ။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တို့၊ ရွှေဝါတို့၊ ကာဘော်လစ်တို့ပေါ့။ အခုခေတ် ဆီတိုး၊ ဆန်တိုးရသလိုပုံစံမျိုးတန်းစီရတယ်။ စာအုပ်ထပ်ထားပြီး နာမည်ခေါ်တာမျိုးလည်းလုပ်တယ်။
ပုဆိုးတို့၊ ကြွေရည်သုတ်ဇလုံ၊ ပန်းကန်တွေဆို မဲနှိုက်ရတာ။ အဓိက စက်မှု ၁ က ထုတ်တာတို့၊ ဝင်းသူဇာကဟာမျိုးတွေပေါ့။ မဲနှိုက်ရတာ။ လေဘေး၊ ရေဘေးဖြစ်ရင်တော့ အဲဒါမျိုးတွေ မဲမနှိုက်ရဘူး။ အဲဒီအချိန်က မပေါများတဲ့ အချိန်ဆိုတော့ သွားတိုးကြရတာပဲ။ အပြင်မှာက တိုးပြီးပြန်ရောင်းကြတာလည်းရှိသလို တချို့က သုံးကြတာပေါ့။
****************************************
“မြောက်ကိုရီးယားလို ပြည်သူကို ပြည်သူကပြန်လည်ချုပ်ကိုင်မယ့် လမ်းစလို့ပဲမြင်တယ်။”
မအူပင်က အသက် ၅၀ ကျော်အရွယ်အမျိုးသမီး
ပြည်သူက ပေါပေါများများ နေရ၊ ဝယ်ရတဲ့ခေတ်ကနေ နောက်ပြန်ရောက်သွားတာပေါ့။ ဘယ်သူမှ အဆင်မပြေနိုင်တော့ဘူး။ မြောက်ကိုရီးယားလို ပြည်သူကို ပြည်သူကပြန်လည်ချုပ်ကိုင်မယ့် လမ်းစလို့ပဲမြင်တယ်။
****************************************
“မူကတော့ ကောင်းတယ်။ လူတွေမကောင်းတဲ့အတွက် အဲဒီစနစ်ကလည်း မကောင်းဘူး။”
စစ်ကိုင်းမြို့ခံတစ်ဦး
စာအုပ်တစ်အုပ်လုပ်ပေးတာတော့ရှိတယ်။ ဆန်တွေဘာတွေထုတ်ပေးတာ ရှိတာပေါ့။ တစ်အိမ်ထောင်ကို တစ်ယောက်တစ်ပြည်ဆိုရင် ရှစ်ယောက်ရှိရင် ရှစ်ပြည် ငါးယောက်ရှိရင် ငါးပြည်၊ အဲဒီလိုရတာ ဆန်လည်း ညံ့ပေ့ဆိုတဲ့ ဆန်ပဲရတာပဲ။
ဆီဆိုလည်း ဆီခွဲတမ်းပေါ့။ ကျန်တဲ့ကုန်မာပစ္စည်းကတော့ ကိုယ်အသုံးတည့်ရင်တည့်သလို ကာလတန်ဖိုးအလိုက် ၀ယ်ယူရတာတွေတော့ရှိတယ်။ အမြတ်တော့ မစားဘူး။ သူက အပြင်က ၅ ကျပ်ဆို သူက တစ်ကျပ်၊ တစ်ကျပ်ခွဲ အဲဒီလိုလေးရတယ်။ သူတို့ဆီက စျေးနည်းနည်းလျော့တာပေါ့။ အပြင်ပေါက်တဲ့စျေးနဲ့စာရင် သုံးပုံတစ်ပုံ ယူတယ်။ ကျန်တဲ့သူက တစ်ကျပ်ခွဲလောက်ဆို သူက ၅ ကျပ် အဲဒီလောက်ပဲ ယူတာလေ။
သူက အစိုးရဗဟိုကနေ ချပေးလိုက်တဲ့ ဟာကို ကျေးလက်ရောက်အောင်ချပေးတဲ့ပုံစံနဲ့ သွားတာလေ။ ဗဟိုကနေ ချပေးလိုက်တဲ့ဟာကိုမှ ကျေးလက်ခွဲတမ်းအနေနဲ့ ဗဟိုကနေ တိုင်းချပေး၊ တိုင်းကနေ ခရိုင်၊ ခရိုင်ကနေမြို့နယ်၊ မြို့နယ်ကနေမှ ရပ်ကျေးရောက်တာကိုး။ နောက်ပိုင်းအကျင့်ပျက်ချစားမှုက အဲဒီကနေ စတာလေ။ ပစ္စည်းခွဲမယ်ဟေ့ဆို၊ သူတို့သမ၀ါယမထဲပါတဲ့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက ကျေးရွာနေလူထုကို ခွဲတမ်းချပြီး ရောင်းချတာတွေမရှိတော့ဘူး။ ပျောက်သွားတာ။ ပစ္စည်းကောင်းရင် ကောင်းသလိုပေါ့။ အပြင်ကို ရောက်သွားတာ။ သမစနစ်မှာက ပြည်သူလူထုဆီကို တိုက်ရိုက်မရောက်တာက ပစ္စည်းအညံ့တွေပဲ ရောက်ပြီးတော့မှ ကောင်းတာတွေဆိုရင် ဗဟိုကနေ တိုင်းချပေးလိုက်တာ အောက်ခြေရောက်တော့ ပျောက်ကုန်ရော။ ကောင်းတာတွေကျ အဲဒီလိုပျောက်တဲ့ အခြေအနေရှိတယ်။
တစ်ခုရှိတာက သမ၀ါယမစနစ်မှာ လယ်ယာမြေနဲ့ ပတ်သက်ပြီး ၀င်ရောက်စွက်ဖက်တာရှိတယ်။ ခန့်ခွဲမှုကို ဗဟိုက ချုပ်ကိုင်ထားပြီးတော့မှ လယ်လုပ်ရမယ့်မြေဆို လယ်လုပ်ပေါ့။ အဲဒါကိုမှ လယ်လုပ်ရမယ့်မြေကို ယာလုပ်ပြီးတော့မှ ယာပစ္စည်းစိုက်တယ်ဆို လယ်ယာမြေအကျင့်ပျက်မှုနဲ့ အဲဒါကို သိမ်းပြီးတော့မှ ပြည်သူလူထုထဲက လယ်ယာမရှိတဲ့သူတွေက အဲဒါတွေကို လျှောက်လို့ရတယ်။ အဲဒီမှာ ဆယ်ယောက်ရှိတယ်ဆိုရင် အဲဒီထဲကမှ ဘယ်သူအဆင်းရဲဆုံးတုန်းဆိုပြီးတော့မှ ကြည့်ပြီးချပေးတာရှိတယ်။ မူကတော့ ကောင်းတယ်။ လူတွေမကောင်းတဲ့အတွက် အဲဒီစနစ်ကလည်း မကောင်းဘူး။ ၀င်ရောက်စွက်ဖက်တာ အဲဒီတစ်ခုရှိမယ်။