တောင်ကုတ်တစ်မြို့လုံး ရေဝင်နစ်မြုပ်၊ ပိတ်မိနေသူတွေ ရှိနေပြီး ကူညီကယ်ဆယ်သူမရှိ ဖြစ်နေ


တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်အတွင်းမှာရှိတဲ့ တောင်ကုတ်မြို့မှာ ဒီကနေ့ ဇူလိုင် ၂၅ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီးတော့ တောင်ကျရေတွေ ကျဆင်းလာတာကြောင့်  တစ်မြို့လုံး ရေကြီးနစ်မြုပ်မှုကို ခံစားနေရတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့လာပါတယ်။

 

မြို့ပေါ်က လမ်းပိုင်းတွေအားလုံး ရေဝင်နစ်မြုပ်နေပြီး မော်တော်ယာဉ်တွေလည်း ဖြတ်သန်း မရဘူးလို့ သူက ဆိုပါတယ်။

 

“အိမ်တွေအကုန်လုံး အောက်ထပ်တွေ မြုပ်ကုန်ပြီ၊ တစ်မြို့လုံးမြုပ်တာ ၊ ဘာအကူညီမှ မလာနိုင်ဘူး၊ စစ်တပ်ကလည်း ပိတ်ဆို့ထားတယ်၊ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေက တောင်ကုန်းတွေမို့ သူတို့ဘက်က မမြုပ်ဘူး၊ သူတို့ဆီကိုလည်း မသွားရဲဘူး သူတို့ မိုင်းတွေ ထောင်ထားတာ အများကြီးပဲမို့”လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။

တောင်ကုတ်မြို့ တစ်မြို့လုံး လျှပ်စစ်မီးပြတ်တောက်နေပြီး တယ်လီဖုန်းဆက်သွယ်ရေး လိုင်းတွေဟာလည်း ပြတ်တောက်လိုက် ရရှိလိုက်ဖြစ်နေတယ်လို့ သိရပါတယ်။

 

နေအိမ်အတွင်းမှာ ပိတ်မိနေသူတွေရှိနေပြီး ကူညီကယ်ဆယ်မှုတွေ လိုအပ်နေပေမယ့် စစ်ကောင်စီတပ်က ဖမ်းဆီးမှာကို ကြောက်နေရတာကြောင့် ပြည်သူအချင်းချင်း ကူညီဆောင်ရွက်ဖို့တောင်မှ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

 

“လမ်းတွေပိတ်ဆို့ခံထားရတဲ့မြို့ဆိုတော့ အရင်ထဲက ကုန်စျေးနှုန်းတွေမြင့်တက်နေတာ စားသောက်ကုန်တွေကလည်း ဝယ်မရဘူးလေ၊ အခုလို ရေပါမြုပ်တော့ အကုန်လုံး ဒုက္ခရောက်ကြပြီ”လို့ CJ Platform ရဲ့ Citizen Journalist ကပြောပါတယ်။

 

ဇူလိုင် ၂၄ရက်နေ့ ညပိုင်းကတည်းက တောင်ကုတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီးတော့ လက်ရှိသတင်းတင်ဆက်ချိန်အထိ အဆက်မပြတ်ရွာသွန်းနေတဲ့ မိုးကြောင့် တောင်ကျရေတွေဟာ ဆက်လက်စီးဆင်းလာနေပြီး ပိုမိုဆိုးဝါးတဲ့ ရေကြီးနစ်မြုပ်မှုကို ထပ်မံကြုံတွေ့ရနိုင်တယ်လို့ CJ Platform ရဲ့ Citizen Journalist က သုံးသပ်ပါတယ်။

 

တောင်ကုတ်မြို့မှာ မြို့တွင်း တိုက်ပွဲတွေ ဖြစ်ပွားလာတာ မရှိသေးပေမယ့် ရေကြီးနစ်မြုပ်နေချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကိုလည်း လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့