တစ်ပတ်ပေါင်ငါးသောင်းရခဲ့တဲ့ ချဲလ်ဆီးကစားသမားဟောင်း စီးပွားပျက်ပြီး ဆောက်လုပ်ရေးလုပ်သားဘဝရောက်

Author မောင်ရှမ်း
Categories
Published on Jul 25, 2024

၂၀၁၅-၁၆ အင်္ဂလန်ပရီးမီးယားလိဒ်ချန်ပီယံ လက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့တဲ့ ဒရင့်ဝါတာ Drinkwater ဟာ အခုတော့ စီးပွားရေးလုပ်ငန်းတွေအရှုံးပေါ်ပြီးနောက် ဆောက်လုပ်ရေးလုပ်သားအဖြစ် ရုန်းကန်နေရပါတယ်။

 

၂၀၁၇-၁၈ ရာသီမှာ EPL ထိပ်တန်းအသင်း ချဲလ်ဆီးကို ပြောင်းရွှေကြေး စတာလင်ပေါင် ၃၅ သန်း၊ တစ်ပတ်လုပ်ခ ပေါင် ငါးသောင်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

 

လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ဖူးသူထဲ ပါဝင်သူဟာ တစ်ဖန် သူ့ရဲ့ လူမှုကွန်ရက်ပေါ်က ဆောက်လုပ်ရေးလုပ်သားဝတ်စုံနဲ့အတူ တင်ထားတဲ့ ပို့စ်ကြောင့် ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့ပြန်ပါတယ်။

 

မန်ချက်စတာယူနိုက်တက် ဘောလုံးအကယ်ဒမီက ထွက်ပေါ်လာသူဟာ ကစားသမားဘ၀ကနေ အနားယူပြီးလို့ မကြာခင်မှာပဲ စီးပွားရေးလုပ်ငန်းတွေမှာ ထည့်ဝင်ရင်းနှီးမြှပ်နှံခဲ့တဲ့ငွေကြေးတွေဟာ အရှုံးပေါ်သွားခဲ့ပါတယ်။

 

လက်ရှိ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဖြစ်ခဲ့ဖူးသူဟာ ၂၀၂၁-၂၂ ဘောလုံးရာသီအကုန်မှာ ရက်ဒင်းအသင်းနဲ့စာချုပ်ကုန်ပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာတော့ ကစားသမားဘ၀ကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် ပြင်ပစီးပွားရေးလုပ်ငန်းထဲကတစ်ခုဖြစ်တဲ့ စားသောက်ဆိုင်လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်မှာပဲ ရပ်တန့်လိုက်ရပါတယ်။

 

အဲဒီနောက်မှာတော့ မန်ချက်စတာမြို့က နိုက်ကလပ်တစ်ခုမှာ ရှယ်ယာ ၇၀ ရာခိုင်နှုန်း ထည့်ဝင်ခဲ့ပေမဲ့ ကံဆိုးကာ အရှုံးပေါ်ခဲ့တာကြောင့် ကစားသမားဘ၀မှာ စုဆောင်းခဲ့တဲ့ ငွေကြေးတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။

 

အခုတော့ ဒရင့်ခ်ဝါတားဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေပုံကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။

 

အဲဒီပို့စ်အောက် ဆိုးသွမ်းပရိသတ်တွေက “ဒရင့်ခ်ဝါတားရဲ့ ဘ၀ဟာ အောက်ဆုံးကို ရောက်သွားပြီ” လို့ မှတ်ချက်ပြုခဲ့ကြလို့ အင်္ဂလန်သားဟာ အဲဒီမှတ်ချက်တွေအတွက် ဒေါသထွက်ခဲ့ပြီး “ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်ရတာလည်း ကျွန်တော်ကြိုက်ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ရွေးချယ်မှုပါပဲ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

 

ဒရင့်ခ်ဝါတားရဲ့ ကစားသမားဘ၀မှာ လက်စတာကနေထွက်ပြီး ချဲလ်ဆီးကို ပြောင်းခဲ့တာဟာ မှားယွင်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး လေးနှစ်တာကာလအတွင်းမှာ ၂၃ ပွဲသာ ကစားခဲ့ရသလို ဘန်လေ၊ ဗီလာ၊ ကာဆီပါဆာနဲ့ ရက်ဒင်းအသင်းတို့မှာ အငှားထွက်ရင်းအချိန်ကုန်ခဲ့ရသလို ကောင်းမွန်တဲ့ခြေစွမ်းတွေလည်း ပျောက်ဆုံးကာ အသင်းလက်မဲ့ဘ၀နဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။

 

ဓာတ်ပုံ – Talksports