ယူရို ၂၀၂၄ ရဲ့ ချန်ပီယံက စပိန်လား၊ အင်္ဂလန်လား

Author မောင်ရှမ်း
Categories
Published on Jul 14, 2024

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကတော့ ဇူလိုင် ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲအဆင့်ကို စပိန်နဲ့ အင်္ဂလန်တို့က တက်ရောက်လာခဲ့ကြတာပါ။ ယခုပွဲစဉ်အတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်က ဘယ်လိုဖြစ်မလဲ။ ဘယ်အသင်း နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်

****************************************

 

စပိန်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ၃ ကြိမ်ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲမှာလည်း ကစားထားပြီးတဲ့ ၆ ပွဲလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ကာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေဖြစ်တဲ့ အိမ်ရှင် ဂျာမနီ၊ ပြင်သစ်တို့ကို အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ စပိန်ဟာ ဒီနှစ်ယူရိုပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးအသင်းအဖြစ် ၁၃ ဂိုးနဲ့ ရပ်တည်နေပြီး သူတို့ရဲ့လူငယ်တိုက်စစ်သမားတွေဖြစ်တဲ့ လမိုင်း ယာမယ်လ်နဲ့ နီကို ဝီလီယံတို့ဟာ ပြိုင်ဘက်ခံစစ်ကြောင်းကို ထိုးဖောက်မွှေနှောက်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ စပိန်ဟာ ရှေ့၊လယ်၊နောက် အင်အားတောင့်တင်းနေသလို ပြင်သစ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲပယ်ခံထားရတဲ့ ကာဗာဂျယ်နဲ့ နော်မန်တို့လည်း ပြန်လည်ပါဝင်လာမှာပါ။

 

အင်္ဂလန်ကတော့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖူးခြင်းမရှိသေးတဲ့အသင်းဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အီတလီကို အရေးနိမ့်ထားခဲ့တာပါ။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ကစားထားတဲ့ ယူရို ၆ ပွဲမှာ မတူညီတဲ့ကစားသမား ၁၄ ယောက်ကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုထားခဲ့ပြီး ဂိုးသမား ပစ်ဖိုဒ့်၊ နောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုန်းနဲ့ ဝေါလ်ကာ၊ ကွင်းလယ်လူ ဒီကလန်ရိုက်စ်တို့လေးဦးဟာ ပွဲချိန်မိနစ်တိုင်းမှာ ကစားခွင့်ရခဲ့ကြသူတွေဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေနဲ့ ရှုံးထွက်အဆင့်မှာ ခြေစွမ်းပိုင်း အားနည်းခဲ့တဲ့ အင်္ဂလန်ဟာ ဆီမီးဖိုင်နယ်အဖြစ် နယ်သာလန်နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာတော့ ထူးခြားကောင်းမွန်တဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့တာကြောင့် စပိန်နဲ့ပွဲမှာလည်း အဲဒီလိုစွမ်းဆောင်ရည်မျိုးမြင်တွေ့ရမယ်ဆိုရင် ဆုဖလားမျှော်မှန်းနိုင်မှာဖြစ်ပါတယ်။

 

ဒီပြိုင်ပွဲမှာ ၃ ဂိုးစီသွင်းထားတဲ့ စပိန်ကွင်းလယ်လူ အိုလမိုနဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းတို့ရဲ့ ဂိုးသွင်းဘုရင်ဆုအတွက် အားပြိုင်မှုကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ ဘယ်လင်ဟမ်နဲ့ ကာဗာဂျယ်၊ နာချို၊ ဟိုဆေးလူတို့အပြင်၊ မန်စီးတီးအသင်းဖော်တွေဖြစ်တဲ့ ဝေါလ်ကာ၊ စတုန်းနဲ့ ရိုဒရီတို့လည်း ထိပ်တိုက်ဆုံကြမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းလွန်းနေခဲ့ပါတယ်။ စပိန်သာအနိုင်ရခဲ့မယ်ဆိုရင် သမိုင်းတစ်လျှောက်ဆုဖလားအများဆုံးအသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်မှာဖြစ်သလို အင်္ဂလန်သာ အနိုင်ရမယ်ဆိုရင်တော့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အောင်ပွဲခံနိုင်မှာလည်းဖြစ်ပါတယ်။ လက်ရှိခြေစွမ်းအရ စပိန်က အနည်းငယ်အသာရနေပြီး ကြီးကြီးမားမားအမှားအယွင်းမရှိခဲ့ဘူးဆိုရင် အင်္ဂလန်ကို အနိုင်ယူပြီး ဗိုလ်စွဲသွားမယ်လို့ ထင်မြင်မိပါတယ်။

 

ခန့်မှန်းချက် – အင်္ဂလန် ၀ – ၁ စပိန်

 

ဓာတ်ပုံ – Opta