မြို့ ၇ ခုမှာ မြစ်ရေပြန်ကျနိုင်ပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိမယ်လို့ မိုးဇလခန့်မှန်း

Author အညာသား
Categories
Published on Jul 10, 2024

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဆက်တိုက်မြင့်တက်နေတဲ့ ကချင်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲက မြို့ခုနစ်ခုမှာ နောက်တစ်ရက်၊ နှစ်ရက်အတွင်း မြစ်ရေပြန်ကျနိုင်ပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေဦးမယ်လို့ စစ်ကောင်စီ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

 

ဧရာဝတီနဲ့ ချင်းတွင်းမြစ် အထက်ပိုင်းမြို့တွေမှာ နောက် တစ်ရက်၊ နှစ်ရက်အတွင်း ရေပြန်ကျနိုင်ပြီး အောက်ပိုင်းမြို့တွေမှာတော့ မြစ်ရေဆက်လက်မြင့်တက်နိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ သိရတာဖြစ်ပါတယ်။

 

အဆိုပါ မိုးဇလဌာနရဲ့ ဇူလိုင် ၁၀ ရက် မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ နောက် တစ်ရက်မှ နှစ်ရက်အတွင်း ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်းစတဲ့မြို့တွေမှာ ရေပြန်ကျနိုင်ပေမဲ့ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနေနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

 

မန္တလေး-စစ်ကိုင်းအပါအဝင် မြစ်အောက်ပိုင်းမြို့တွေဖြစ်တဲ့ မြစ်ငယ်၊ မြင်းမူ၊ ပခုက္ကူနဲ့ ညောင်ဦးမြို့တွေမှာ တစ်ရက်အတွင်း မြစ်ရေဆက်လက်မြင့်တက်လာနိုင်သလို စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေမယ်လို့ သိရပါတယ်။

အလားတူ ချင်းတွင်းမြစ်အထက်ပိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့တွေမှာ နောက်တစ်ရက်အတွင်း မြစ်ရေ ပြန်ကျနိုင်ပြီး စိုးရိမ်ရေမှတ်ထက် ဆက်လက်တည်ရှိနေနိုင်ပါတယ်။

 

အဲဒီမြစ်အောက်ပိုင်းက မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာမြို့တွေမှာ နောက်တစ်ရက်အတွင်း မြစ်ရေမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်ထက် ဆက်လက်တည်ရှိနေနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဒီနေ့ မနက် ၆ နာရီခွဲ တိုင်းထွာချက်တွေအရ ဧရာဝတီ၊ ချင်းတွင်းနဲ့ ဒုဌဝတီမြစ်ရေတို့ဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ မြစ်ငယ်၊ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ စတဲ့ မြို့ ၁၅ ခုဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိ နေပါတယ်။

 

“အထက်ပိုင်းမြို့တွေမှာ ရေကြီးတာတွေဖြစ်ပြီဆိုကတည်းက အောက်ဘက်မန္တလေးကို တဖြည်းဖြည်းနဲ့ရောက်လာမယ်ဆိုတာ သဘာဝအရ သိနေကြတာဆိုတော့ မန္တလေးနဲ့ စစ်ကိုင်းက ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြတယ်။ မန္တလေးမှာ ညောင်ကွဲရေကင်း၊ သရက်တပင်ရေကင်းနဲ့ ဂေါဝိန်နယ်မြေမီးသတ်စခန်းရေကင်းတွေချပြီး ရေအခြေအနေကို ၂၄ နာရီ စောင့်ကြည့်နေတယ်” လို့ မီးသတ်တပ်ဖွဲ့ဝင်နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လတ်တလော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေး၊ အမရပူရမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေစတင်ဝင်ရောက်နေသလို စစ်ကိုင်းဘက်ခြမ်းမှာလည်း မြစ်ကမ်းဘေးရှိ ရပ်ကွက်များ ရေဝင်ရောက် နေပြီး စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းရှိ အနိမ့်ပိုင်းနေရာတချို့မှာ ရေကျော်နေပြီလို့လည်း သိရပါတယ်။

 

ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေမှာ မြို့လုံးကျွတ်နီးပါး ရေဝင်နစ်မြုပ်မှုဒဏ် ခံစားနေရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

 

နောက်လာမယ့် ငါးရက်အတွင်း နိုင်ငံအနှံ့အပြား မိုးရွာသွန်းပြီး နိုင်ငံအထက်ပိုင်း၊ အနောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတွေမှာ မိုးများနိုင်သလို မြစ်ရေတွေအောက်ဘက်ဆင်းလာချိန်၊ မုန်တိုင်းတွေနဲ့ ဒီရေတက်ချိန်တွေက တိုက်ဆိုင်သွားနိုင်ပြီး ချင်းတွင်း၊ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်မြစ်ကြီးတွေ တလျှောက် ရေနဲ့ပတ်သက်ဆက်စပ်တဲ့ သဘာဝဘေးတွေဖြစ်လာနိုင်တာကို ကြိုတင်ခန့်မှန်းချက်များ တွေ့နေရတာကြောင့် သတိရှိကြဖို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးရေးသားထားတာ တွေ့ရပါတယ်။

 

ဓာတ်ပုံ-လူမှုကွန်ရက်

 

ပုံစာ – မန္တလေးကမ်းနားလမ်းနဲ့ စစ်ကိုင်းကမ်းနားလမ်း မြစ်ရေအခြေအနေကို မြင်တွေ့ရစဉ်