နောက်ကလိုက်ကစားပြီး ဗိုလ်လုခွင့်ရသွားတဲ့ စပိန်

Author မောင်ရှမ်း
Categories
Published on Jul 10, 2024

ယူရို ၂၀၂၄ ရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်နဲ့ ပြင်သစ်ပွဲစဉ်မှာတော့ စပိန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်လာခဲ့ပါတယ်။ မနေ့ညက ပွဲပြီးအခြေအနေကို CJ Platform က အကျဉ်းချုပ်ဖော်ပြအပ်ပါတယ်။

 

စပိန် ၂ – ၁ ပြင်သစ်

 

စပိန်ဟာ ခံစစ်ပိုင်းမှာ အဓိက ကစားသမားတွေမပါဝင်နိုင်ခဲ့ချိန် ညာခြမ်းခံစစ်မှာ အနီကတ်ထိထားတဲ့ ကာဗာဂျယ်အစား အသက် ၃၈ နှစ်အရွယ် ကေလာနာဗက်စ်၊ ကွင်းလယ်တိုက်စစ်နေရာ ဒဏ်ရာရသွားတဲ့ ပတ်ဒရီအစား အော်လမိုကို ပွဲထုတ်လာခဲ့ပါတယ်။ ကွင်းလယ်အထိုင်နဲ့ တိုက်စစ်မှာတော့ ရှေ့ပွဲတွေက ပုံစံကို အပြောင်းအလဲမလုပ်ခဲ့ပါဘူး။ ထုံးစံအတိုင်း ရိုဒရီ၊ ဖေဘီယန်အထိုင်နဲ့ ယာမယ်လ်၊ ဝီလီယံ၊ မိုရာတာတို့က ပြိုင်ဘက်ခံစစ်ကြောင်းကို ဒုက္ခပေးကာ နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ ပြင်သစ်ကတော့ တိုက်စစ်ပိုင်းမှာ အမ်ဘတ်ပေ၊ ဒမ်ဘီလီနဲ့ မူအာနီကို ပွဲထုတ်ခဲ့ပြီး Open Play ကနေ ဂိုးမသွင်းနိုင်သေးတဲ့ တိုက်စစ်ကို ပြင်ဆင်ခဲ့တာ အလုပ်ဖြစ်ခဲ့ပေမဲ့ တစ်ပွဲလုံးအတိုင်းအတာမှာတော့ စပိန်ကို ယှဉ်ဖို့ ခက်ခဲခဲ့ပါတယ်။

 

နည်းစနစ်ပိုင်းအရ ပွဲကိုလွှမ်းမိုးထားနိုင်ခဲ့တာဟာ စပိန်ဖြစ်ခဲ့ပေမဲ့ အဖွင့်ဂိုးကိုတော့ ပြင်သစ်က သွင်းယူနိုင်ခဲ့တာပါ။ ပွဲအစ ၉ မိနစ်ဝန်းကျင်မှာပဲ ဘယ်ခြမ်းက အမ်ဘတ်ပေရဲ့ ဖြတ်တင်ဘောကို မူအာနီက စပိန်နောက်ခံလူတွေနဲ့အပြိုင် ခေါင်းခုန်တိုက်ပြီး သွင်းယူသွားခဲ့တာပါ။ စပိန်ဟာ ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ ပျာသွားခဲ့တာမျိုးမဖြစ်ခဲ့ဘဲ ပြင်သစ်ရဲ့ ခံစစ်ကြောင်းကို စနစ်တကျဖိအားပေးနိုင်ခဲ့ပါတယ်။ စပိန်အတွက် ချေပဂိုးကိုတော့ လမိုင်းယာမယ်လ်က ပွဲချိန် ၂၁ မိနစ်အရောက်မှာ လှပသေသပ်လွန်းတဲ့ အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ယာမယ်လ်ဟာ ယူရိုသမိုင်းရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ အသက်အငယ်ဆုံးဂိုးသွင်းရှင်ဖြစ်လာခဲ့ပါတယ်။

 

ဦးဆောင်ဂိုးရပြီးနောက်ထပ် ၄ မိနစ်အကြာမှာပဲ အိုလမိုက တစ်ကိုယ်တော်စွမ်းရည်နဲ့ ပြင်သစ်ကစားသမားတွေကို ကျော်ဖြတ်ကာ ဦးဆောင်ဂိုးသွင်းယူသွားနိုင်ခဲ့တာပါ။ သွင်းဂိုးတွေရှားပါးနေတဲ့ ယူရိုပြိုင်ပွဲကတော့ ၂၅ မိနစ်မှာပဲ စပိန်နဲ့ ပြင်သစ်တို့ဟာ ၃ ဂိုးအထိသွင်းပြီး ပရိသတ်ကို ဖျော်ဖြေခဲ့တာပါ။ ဦးဆောင်ဂိုးပြန်ပေးလိုက်ရတဲ့ ပြင်သစ်ဟာ ချေပဂိုးရဖို့ ကြိုးစားလာပေမဲ့ စပိန်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေခဲ့ကာ စပိန်တို့ အမှားလုပ်မိမှသာ အခွင့်အရေးပြန်ရတဲ့အခြေအနေထိ ရောက်သွားခဲ့ပါတယ်။ ပြင်သစ်ဘက်က ကာမာဗင်ဂါ၊ ဂရက်ဇ်မန်း၊ ဘာကိုလာတို့အပြင် ဂျရူးကိုလည်း ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမဲ့ လိုအပ်နေတဲ့ ချေပဂိုးမရနိုင်တော့ဘဲ ဆီမီးအဆင့်နဲ့ လက်ပြနူတ်ဆက်သွားခဲ့ရပါတယ်။

 

စပိန်ဟာ ဗိုလ်လုပွဲမှာတော့ ဒီညပွဲစဉ်ဖြစ်တဲ့ နယ်သာလန်နဲ့ အင်္ဂလန်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပသွားမှာပါ။

 

ဓာတ်ပုံ – Euro 2024