စစ်ကောင်စီ ဖျက်ဆီးထားတဲ့ ဒီပဲယင်းကွဲကျေးရွာက သရက်တောင်သူတွေ စျေးကွက်မရှိလို့ အရှုံးပေါ်

Author မင်းထက်
Categories
Published on Jul 09, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် ၊ ဒီပဲယင်းကွဲ ကျေးရွာအနေနဲ့ ပြည်ပဈေးကွက်ဝင် မျိုးကောင်းသရက်သီး စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် သရက်ပေါ်ရာသီမှာတော့ နိုင်ငံရေးမတည်မှုနဲ့ ကုန်လမ်းကြောင်းပိတ်ဆို့မှုတွေအကြား သရက်တောင်သူတွေအဖို့ အမြတ်အစွန်းနည်းပါလျက်ရှိတယ်လို့ သရက်စိုက်တောင်သူတွေထံကနေ သိရပါတယ်။

 

အဲဒီဒေသမှာ သရက်စိုက်ဧက ၃၀၀၀ ကျော်ရှိပြီး ပြည်ပစျေးကွက်၀င် စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ ၊ ငမောက် စတဲ့ မျိုးကောင်းသရက်တွေကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြတာပါ။

 

ဒေသအနေနဲ့ အရင်က သရက်သီးပေါ်ချိန်မှာ မူဆယ်ဈေးကွက်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တင်ပို့ရောင်းချနေခဲ့ကြသလို ကျေးရွာအထိ တိုက်ရိုက်လာရောက်၀ယ်ယူကြတဲ့ ကုန်သည်ပွဲစားတွေဆီကိုလည်း ရောင်းချတယ်လို့ ဆိုပါတယ်။ ဒီနှစ် မူဆယ်စျေးကွက်ကို တင်ပို့ရာမှာတော့ အမြတ်မကျန်တဲ့အပြင် အရှုံးပေါ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“အရင်ကတော့ မူဆယ်စျေးကွက်က တရုတ်၀ယ်လက်တွေကို အဓိကရောင်းချတာပေါ့။ အဲ့ဘက်ခြမ်းကလဲ တည်ငြိမ်မှုမရှိတော့ အခုနှစ်ရာသီ ပို့တာတွေဆို အမြတ်မကျန်ဘဲ ကိုယ်ကတောင် အမ်းရတာများတယ်၊ အသီးက ရောင်း၀ယ်ရ အဆင်မပြေတာနဲ့ စရိတ်စခတွေကို တောင်သူတွေက ပြန်အမ်းရတယ် ကိုယ့်ပစ္စည်းလဲဆုံးရှုံးရသေး ကိုယ့်အိတ်ထဲကပါလျော်ပေးနေရတာပေါ့ဗျာ” လို့ သရက်စိုက်တောင်သူတဦးက ပြောပါတယ်။

 

ကုန်လမ်းကြောင်းနဲ့ ပို့ဆောင်ရာမှာလဲ ၁၆ – ၁၇  ကီလိုသရက် ခြင်းတစ်ခြင်းကို ပို့ဆောင်စရိတ် ၁၂၀၀ ကျပ်ထိပေးရပြီး အလုပ်သမားစရိတ် တွေ နဲ့ သီးနှံရောင်း၀ယ်ရတာ အဆင်ပြေမှုမရှိတာကြောင့် အမြန်အစွန်းမရှိရုံသာမက ရင်းနှီးစရိတ်တွေပါပေါ်မလာဘူးလို့ အခြားသရက်စိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောပါတယ်။

 

“သရက်ဖူးပွင့်ပြီဆိုတည်းက ဆေးဖျန်းရ  ၊ရေပေးရတာရှိတယ်လေ။သီးလာရင်လဲ အလုပ်သမားတွေငှားပြီး အိတ်စွတ်တာတွေ အသီးခူးတာ နောက်ဆုံးအဆင့် တင်ပို့ရောင်းချတာမှာ ခြင်း၀ယ်တာကနေ ပွဲရုံရောက်တဲ့အထိ ပွဲစားခတွေ ပွဲရုံအလုပ်သမားခတွေကအစ ကိုယ်ကပေးရတာ ။ဒီတော့ အပေါ်ကိုယ်က မစားရတဲ့အပြင် ရောင်း၀ယ်ရအဆင်မပြေတော့ ပွဲရုံကိုစရိတ်တွေ ကိုယ့်အိတ်ထဲကငွေကစိုက်ပေးရတော့ အရင်းတောင်ပြန်မရဘူး”လို့ သူက ဆိုပါတယ်။

 

ဒီဒေသမှာ အရင်က သရက်စိုက်တောင်သူတွေအနေနဲ့ သရက်တစ်ရာသီပေါ်မှာ ရရှိတဲ့၀င်ငွေနဲ့ တစ်နှစ်စာဖူလုံ လည်ပတ်လို့ ရခဲ့ပေမဲ့ အခု ခေတ်ကာလအခြေအနေမှာတော့ သရက်သီးအဓိကတင်ပို့ရောင်းချရာ မူဆယ်စျေးကွက်ကို တင်ပို့ရာမှာ အဆင်ပြေမှုမရှိတာကြောင့် လတ်တလောမှာတော့ ရန်ကုန်  ၊ မန္တလေး  ၊စစ်ကိုင်း စတဲ့ မြို့ကြီးတွေကိုသာ တင်ပို့ရောင်းချလျက်ရှိနေတယ်လို့ သူက ဆက်လက်ပြောပါတယ်။

 

စစ်ကိုင်းမြို့နယ်အတွင်း အဲဒီဒေသကထွက်ရှိတဲ့ သရက်သီးတွေဟာ ရောင်း၀ယ်ရ မျက်နှာပန်းလှခဲ့သလို တစ်နှစ်ကို တန်ချိန်စုစုပေါင်း ၅၀၀၀ ကျော် ထွက်ရှိခဲ့ပါတယ်။ နယ်မြေမတည်ငြိမ်မှုကြောင့်ပဲ ၀င်ရောက်လုပ်ကိုင်ခွင့်မရရှိတဲ့ ခြံတွေရှိတာကြောင့် ယခုနှစ်မှာ တန်ချိန် ၂၅၀၀ ခန့်သာထွက်ရှိပြီး ယခင်နှစ်တွေထက် ထက်၀က်ကျဆင်းသလို ကုန်လမ်းကြောင်းပို့ဆောင်ရေးနဲ့ ရောင်း၀ယ်ရအဆင်မပြေမှုတွေကြောင့် ဒေသခံတွေအဖို့ အခက်ကြုံနေရတာပါ။

 

စစ်ကိုင်းမြို့နယ်အတွင်းက သရက်သီးအဓိက စိုက်ပျိုးတဲ့ ဒီပဲယင်းကွဲကျေးရွာဟာ အာဏာသိမ်းကာလကနေ ဒီကနေ့အချိန်အထိ စစ်တပ်ရဲ့စစ်ကြောင်းထိုးအကြမ်းဖက်မှုကြောင့်   နေအိမ် ၂၅၀ ကျော် ဆုံးရှုံးထားပြီ စစ်ကိုင်းမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ် နာယက ဆရာတော် (၁၀)ပါးအနက် တစ်ပါး အပါအဝင်ဖြစ်တဲ့ ဆရာတော် အရှင်ဂန္ဓသာရအပါအ၀င် လူ ရှစ်ဦးခန့် သတ်ဖြတ်ခြင်းခံထားရပါတယ်။

 

ဓာတ်ပုံ – မင်းထက်