မြန်မာ-အိန္ဒိယ အမျိုးသမီးလက်ရွေးစင်ဘောလုံးပွဲကြည့်ရှုဖို့ တစ်ရပ်ကွက် လူ ၅ ဦးနှုန်း ခေါ်ဆောင်

Author သုတ
Categories
Published on Jul 09, 2024

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာကျင်းပမယ့် မြန်မာ-အိန္ဒိယ အမျိုးသမီးလက်ရွေးစင် ချစ်ကြည်ရေးဘောလုံးပွဲ ကြည့်ရှုဖို့ စစ်ကောင်စီလက်အောက်ခံတွေ တစ်ရပ်ကွက် လူငါးဦးနှုန်းခေါ်ယူထားတယ်လို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီလက်ထက် အားကစားပွဲတွေကို ကြည့်ရှုသူ နည်းပါးနေတဲ့အလျောက် ယခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နဲ့ ၁၂ ရက်နေ့တို့မှာ ညနေ ၄ နာရီမှာ သုဝဏ္ဏဘောလုံးအားကစားကွင်းမှာ ယှဉ်ပြိုင်ကြမယ့်ပွဲစဉ်တွေကို ပရိသတ်အများအပြားလာတယ်လို့ ဝါဒဖြန့်ဖို့ စစ်ကောင်စီက ကြံရွယ်နေတာဖြစ်တယ်လို့ မြို့ခံတွေက ဝေဖန်နေပါတယ်။

 

အဲဒီပွဲစဉ်တွေကို လာရောက်ကြည့်ရှုဖို့ ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်အားလုံးကို ရပ်ကွက်တစ်ခုလျှင် လူငါးဦး မဖြစ်မနေလာရောက်ကြည့်ရှုရမယ်ဆိုပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူခိုင်းထားတာဖြစ်တယ်လို့ CJ Platform က စုံစမ်းသိရှိထားပါတယ်။

 

ဒီသတင်းနဲ့ပတ်သက်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက “အမျိုးသမီးဘောလုံးပွဲအတွက် ရပ်ကွက်တစ်ခုကို ငါးယောက် စုပေးပြီး မြို့နယ်ထွေ/အုပ်ရုံးကို စာရင်းပေးရမယ်။ အရင်ပွဲတွေတုန်းကဆိုရင် ကိုယ့်ရပ်ကွက်က လူတွေကို တာဝန်ခံပြီးခေါ်ဆောင်ပေးရတာမလို့ သက်ဆိုင်တဲ့ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေပါလိုက်ရတယ်။ အခုကတော့ အုပ်ချုပ်ရေးမှူးတွေ ပါ/မပါ ဘာမှမပြောသေးဘူး။ ကျွန်တော်တို့လည်း ထုံးစံအတိုင်း လိုက်ရမယ်ထင်တာပါပဲ” လို့ ပြောပါတယ်။

FIFA Women’s International ခြေစမ်းပွဲစဉ်တစ်ပွဲဖြစ်ပေမဲ့ ကြည့်ရှုသူနည်းမှာ စစ်ကောင်စီလက်အောက်ခံတွေက စိုးရိမ်နေကြပုံလို့ ယူဆရပါတယ်။

 

ဒါ့အပြင် ထိုဘောလုံးပွဲများကို လိုက်ပါကြည့်ရှုမယ့် အမည်မဖော်လိုသူအမျိုးသားတစ်ဦးကလည်း “ကျွန်တော်ကတော့ ပွဲတိုင်းနီးပါးပါတယ်။ အုပ်ကြီးနဲ့ကသိနေတော့ သူခေါ်တဲ့အခါ ငြင်းရင်မကောင်းဘူးလေ။ သူ့ရပ်ကွက်ထဲမှာ အလုပ်လုပ်ကိုင်စားနေရတာဆိုတော့ ငြင်းရင် ခုလိုကာလ ကိုယ့်အပေါ်  မကျေမနပ်တာမျိုးဖြစ်မှာလည်းကြောက်ရတယ်” လို့ ပြောပါတယ်။

 

လိုက်ပါမယ့်လူတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ပွဲကျင်းပမယ့် ဇူလိုင်လ ၉ ရက်နေ့ ညနေ ၃ နာရီတွင် စုရပ်အဖြစ်ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပပြုလုပ်တဲ့အားကစားပွဲစဉ်တွေမှာ ပရိသတ်များစွာ လာရောက်အားပေးတဲ့ပုံစံမျိုး ပြည်သူတွေကို ပြသလိုတဲ့အတွက် ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက်ထဲက လူတွေကို မလိုက်မနေရ ခေါ်ဆောင်ပြီး အားကစားပွဲတွေကို စည်ကားသိုက်မြိုက်သယောင် ပုံဖော်နေရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

 

အာဏာသိမ်းပြီးနောက်ကျင်းပတဲ့အားကစားပွဲများအားလုံးကို မြန်မာပြည်သူလူထုက သပိတ်မှောက်တဲ့အနေနဲ့ ကြည့်ရှုသူအလွန်နည်းပါးပြီး စစ်ကောင်စီကိုယ်စားပြု ကစားပေးနေသူတွေကိုလည်း ပရိသတ်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

 

ဓာတ်ပုံ – Myanmar Football Federation