မက်ဆီ အဆုံးအဖြတ်ပင်နယ်တီလွဲပေမဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ အာဂျင်တီးနား ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ တွေ့မလဲ?

Author မောင်ရှမ်း
Categories
Published on Jul 05, 2024

ဥရောပနိုင်ငံတွေရဲ့ ယူရို ၂၀၂၄ လို တောင်အမေရိက နိုင်ငံတွေအတွက် ကိုပါအမေရိကဖလားလည်း အမေရိကန်ပြည်ထောင်စုမှာ လက်ခံကျင်းပနေပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာကျင်းပတဲ့ ကွာတားဖိုင်နယ်အဆင့်ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ အီကွေဒေါတို့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

 

လက်ရှိချန်ပီယံ အာဂျင်တီးနားတို့ အီကွေဒေါကို ခက်ခက်ခဲခဲကစားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ဦးဆုံးပင်နယ်တီလွဲခဲ့ပေမဲ့ အနိုင်ရယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

 

အာဂျင်တီးနားအသင်းဟာ ပထမပိုင်း ၃၅ မိနစ်မှာ ထောင့်ကန်ဘောကနေရရှိတဲ့ အခွင့်အရေးကို လီဆန်ဒရို မာတီနက်ဇ်က အနီးကပ်ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ အီကွေဒေါတို့ ချေပဂိုးရရှိရေးအတွက် တောက်လျှောက် ဖိအားပေးကစားနေခဲ့ပြီး ၆၂ မိနစ်အရောက်မှာတော့ ပင်နယ်တီကန်ခွင့် ရရှိခဲ့ပေမဲ့ အန်နာ ဗလင်စီယာရဲ့ ကန်သွင်းမှုကလွဲချော်သွားခဲ့လို့ အာဂျင်တီးနားတို့ သက်သာရာရခဲ့တာပါ။

 

အာဂျင်တီးနားဟာ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ရဲ့ နေရာမှာ အော်တာမန်ဒီနဲ့ လိုဆယ်လ်လိုတို့ကို ထည့်သွင်းပြီး အနိုင်ရလဒ်ကို ထိန်းကစားဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ၉၀+၁ မိနစ်အရောက်မှာတော့ အီကွေဒေါတို့ ချေပဂိုးရရှိသွားခဲ့ပါတယ်။ ညာခြမ်းက ဖြတ်တင်ဘောကို ကီဗင် ရိုဒရီဂွက်ဇ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

 

မိနစ် ၉၀ ကျော် အသည်းခွဲဂိုးနဲ့ အသည်းကွဲတော့မယောင်ဖြစ်ခဲ့ရတဲ့ အာဂျင်တီးနားဟာ ၂၀၂၂ ကမ္ဘာ့ဖလားကယ်တင်ရှင် ဂိုးသမားမာတီနက်ဇ်ကပဲ ဒုတိယအကြိမ် ထပ်မံကယ်တင်သွားခဲ့ပြန်ပါတယ်။

 

သာမန်ပွဲကစားချိန်မိနစ် ၉၀ အတွင်းသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရဖို့ ဖြစ်လာပါတယ်။ တခြားပြိုင်ပွဲတွေမှာဆိုရင် သာမန်ပွဲချိန် မိနစ် ၉၀ မှာသရေကျခဲ့ရင် အချိန်ပို မိနစ် ၃၀ ဆက်ကစားရမှာဖြစ်ပေမဲ့ ကိုပါအမေရိကပြိုင်ပွဲမှာတော့ ပင်နယ်တီတန်းကန်ဖို့ ထည့်သွင်းဆုံးဖြတ်ထားတာဖြစ်ပါတယ်။

 

ပင်နယ်တီအဆုံးအဖြတ်မှာတော့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အဖွင့်ပင်နယ်တီကို လွဲချော်သွားခဲ့ပေမဲ့ ဂိုးသမား မာတီနက်ဇ်က အီကွေဒေါကစားသမားတွေရဲ့ ကန်သွင်းမှုကို ၂ ကြိမ်ဆက် ကာကွယ်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက နောက်ထပ်ပင်နယ်တီတွေမှာ အယ်လ်ဗာရက်ဇ်၊ မက် အလစ္စတာ၊ မွန်တီရယ်လ်နဲ့ အော်တာမန်ဒီတို့က ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

 

အာဂျင်တီးနားဟာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဇူလိုင် ၆ ရက်နေ့မှာကစားမယ့် ဗင်နီဇွဲလားနဲ့ ကနေဒါတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇူလိုင် ၁၁ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ လက်ရှိချန်ပီယံ အာဂျင်တီးနားအတွက်တော့ ချန်ပီယံဆုကာကွယ်ဖို့အတွက် ခြေတစ်လှမ်းတိုးနိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

 

ဓာတ်ပုံ – Copa America