ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ အာဂျင်တီးနား၊ ဘရာဇီးလ် ဘယ်မှာ ထိပ်တိုက်တွေ့နိုင်လဲ?

Author မောင်ရှမ်း
Categories
Published on Jul 04, 2024

ဥရောပနိုင်ငံတွေရဲ့ ယူရို ၂၀၂၄ လို တောင်အမေရိက နိုင်ငံတွေအတွက် ကိုပါအမေရိကဖလားလည်း အမေရိကန်ပြည်ထောင်စုမှာ လက်ခံကျင်းပနေပါတယ်။ အာဂျင်တီးနား၊ ဘရာဇီးလ်တို့ပါဝင်တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲကတော့ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီဖလားပြိုင်ပွဲကတော့ ယူရိုလို အုပ်စုသိပ်မများဘဲ ၄ သင်းစီပါဝင်တဲ့ ၄ အုပ်စု(၁၆ သင်း)နဲ့ အုပ်စုအဆင့် ယှဉ်ပြိုင်စေခဲ့တာဖြစ်ပြီး တစ်အုပ်စုက ၂ သင်းစီတက်ပါတယ်။ ဒီမှာတော့ အုပ်စုတက်တာနဲ့ ကွာတားဖိုင်နယ် တန်းကစားရပါတယ်။

 

အုပ်စု (A) ကနေ လက်ရှိချန်ပီယံ အာဂျင်တီးနားနဲ့ ကနေဒါ၊ အုပ်စု (B) ကနေ ဗင်နီဇွဲလားနဲ့ အီကွေဒေါ၊ အုပ်စု (C) ကနေ ဥရုဂွေးနဲ့ ပနားမား၊ အုပ်စု (D) ကနေ ကိုလံဘီယာနဲ့ ဘရာဇီးလ်တို့က ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ နောက်တစ်ဆင့်မှာ အိမ်ရှင် အမေရိကန်နဲ့ နာမည်ကြီး ချီလီတို့ မပါလာခဲ့ပါဘူး။

 

အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားကတော့ ကွာတားဖိုင်နယ်မှာ အီကွေဒေါနဲ့ ဆုံတွေ့ရမှာဖြစ်ပြီး အုပ်စုတွင်းမှာ ဒုတိယနေရာသာရခဲ့တဲ့ ဘရာဇီးလ်ကတော့ ဥရုဂွေးအသင်းနဲ့ ပွဲကျပ်ရင်ဆိုင်သွားရမှာပါ။ နောက်ထပ်ပွဲစဉ်တွေကတော့ ဗင်နီဇွဲလားနဲ့ ကနေဒါ၊ ကိုလံဘီယာနဲ့ ပနားမားတို့ တွေ့ဆုံနေပါတယ်။

 

တွေ့ဆုံနေတဲ့လမ်းကြောင်းတွေအရ အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ဟာ ကွာတားနဲ့ ဆီမီးမှာ အမှားအယွင်းမရှိဖြတ်ကျော်နိုင်မယ်ဆိုရင် ဗိုလ်လုပွဲမှာ ဆုံတွေ့နိုင်မယ့် အခွင့်အရေးလည်းရှိနေပါတယ်။

 

ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇူလိုင်လ ၅ ၊ ၆ နဲ့ ၇ ရက်နေ့တွေမှာ ကစားသွားမှာပါ။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဇူလိုင် ၁၁ ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ ဇူလိုင် ၁၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

အရင်နှစ်တွေတုန်းကလို ဒီပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အာဂျင်တီးနားပဲ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်မလား။ ဘရာဇီးလ်ကပဲ ဆွတ်ခူးသွားမလား။ ဒါမှမဟုတ် ၂၀၁၅ တုန်းက ချီလီလို ဘယ်အသင်းက ဖောက်ထွက်သွားမလဲ။ ဇူလိုင် ၁၅ ရက် ဗိုလ်လုပွဲဆီ ဘယ်အသင်းတွေ တက်လှမ်းလာနိုင်ပါမလဲ။ စောင့်ကြည့်ချင်စရာပါပဲ။

 

ဓာတ်ပုံ – Marca