CDM နေ့စားဝန်ထမ်းများအား တော်လှန်ရေးပြီးပါက အမြဲတမ်းဝန်ထမ်းအဖြစ် အသိအမှတ်ပြုမည်ဟု NUG ဆို

Author မွန်လေး
Categories
Published on Oct 06, 2022

CDM နေ့စားဝန်ထမ်းများကို တော်လှန်ရေးပြီးပါက အမြဲတမ်းဝန်ထမ်းများအဖြစ် အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကန့်ကွက်ဆန္ဒပြခဲ့ရာတွင်ပါဝင်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန(ယခင်) အရာထမ်း၊ အမှုထမ်းနှင့် နေ့စားဝန်ထမ်းများပါဝင်ခဲ့ပြီး၊ CDMဝန်ထမ်းများသည် လက်ရှိချိန်ထိ ရာထူးနေရာနှင့် လစာဝင်ငွေကို စွန့်လွှတိကာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ပြီး နိုင်ငံတော်အတွက် ပေးဆပ် တိုက်ပွဲဝင်နေကြဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဖွဲ့စည်းခြင်းမပြုရသေးသည့်ကာလအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ CDM နေ့စားဝန်ထမ်းများကို ၂၀၂၁ ဖေဖော်ဝါရီတစ်ရက်မှစတင်ကာ နေ့စားဝန်ထမ်းများအဖြစ် ခန့်အပ်ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေးအောင်မြင်ပြီးနောက် လုပ်ငန်းခွင်ပြန်ဝင်သည့်အချိန်တွင် အရည်အချင်းစစ် စာမေးပွဲများ စစ်ဆေးပြီး သင့်လျော်သည့် ရာထူးနေရာများ အပ်နှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။