မြစ်ကြီးနားရေဘေးအတွင်း အမျိုးသမီးနှစ်ဦး အသက်ဆုံးပါးခဲ့ရ

Author အညာသား
Categories
Published on Jul 02, 2024

မြစ်ကြီးနားမြို့မှာ ဧရာ၀တီမြစ်ရေ မြင့်တက်ခဲ့ပြီး ရေကြီးနစ်မြုပ်မှုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ ဇူလိုင် ၁ရက်နဲ့ ၂ရက်နေ့အတွင်း နေအိမ်တွေထဲကို ရေဝင်ရောက်မှုကြောင့် ပိတ်မိနေခဲ့သူတွေထဲက အမျိုးသမီးနှစ်ဦး အသက်ဆုံးပါးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မြစ်ကြီးနားမြို့မှာ ဒီနေ့ ဇူလိုင် ၂ရက်က ရေပြန်လည်ကျဆင်းခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ ရပ်ကွက်နေရာတွေမှာ ပိတ်မိနေသူတွေ မရှိတော့ဘူးလို့လည်း သိရပါတယ်။

 

“မနေ့ တစ်ယောက်ကတော့ ကျွန်တော်တို့ ကယ်ထုတ်တဲ့အချိန်မှာ အသက်ငွေ့ငွေ့လေး ကျန်သေးတယ်။ ဆေးရုံရောက်ပြီး တစ်နာရီလောက်ကျတော့ ဆုံးသွားတယ်။ ဒီနေ့လည်း တစ်ယောက်ထပ်ဆုံးပါတယ်။ အသက်ရွယ်ရနေတဲ့သူတွေဆိုတော့ ရေကြီးတာကိုမြင်လို့ လန့်ပြီးဆုံးသွားကြတယ်လို့ ယူဆပါတယ်”လို့ ရွှေပန်းမြိုင် လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သေဆုံးခဲ့တဲ့ အမျိုးသမီးနှစ်ဦးဟာ အသက်ခြောက်ဆယ်ကျော်အရွယ်တွေဖြစ်ပြီး ရမ်ပူရပ်ကွက်နဲ့ စီတာပူရပ်ကွက်တွေမှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

 

လက်တလောမှာ ရမ်ပူရပ်ကွက်အတွင်း ရေကျသွားတဲ့အတွက် စီတာပူရက်ကွက်ဘက်သို့ကူးကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

 

ရေဘေးကြုံတွေနေရသူတွေကို ဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာ ယာယီနေရာပြောင်းရွှေ့ စီစဉ်ပေးထားရတယ်လို့ ဆိုပါတယ်။

 

လူမှုကူညီရေးအသင်းတွေအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ကျန်ရှိနေတဲ့နေရာတွေကို ဆက်လက်လုပ်ဆောင်နေပြီး တချို့နေရာများမှာ စက်လှေမလုံလောက်တဲ့အတွက် ကယ်ဆယ်ရေး လုပ်ဖို့ အခက်ခဲကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် ကချင်ပြည်၊ ဖားကန့်မြို့မှာလည်း ဇူလိုင် ၁ရက်က  ငှက်ပျောတောရပ်ကွက်မှာ ရေဘေးရှောင် ပြည်သူငါးဦး လိုက်ပါလာတဲ့ လှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး အမျိုးသမီးတစ်ဦးရေစီးနဲ့မျောပါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်