ပြည်သူများ စားဝတ်နေရေးကျပ်တည်းသော်လည်း မင်းအောင်လှိုင်က စီးပွားရေးဖွံ့ဖြိုးတက်နေဟု ပြောပြန်
မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် တစ်နေ့တစ်ခြား ကုန်စျေးနှုန်းများမြင့်တက်လာပြီး ဝင်ငွေထွက်ငွေမမျှတမှုကြောင့် ပြည်သူများကျပ်တည်းကာ အခက်အခဲဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသည်ဟု ပြောကြားသည်။
အောက်တိုဘာ ၅ရက်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်မှ ၎င်း၏ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည်ဟုပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးသည်တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အဲ့လူက ပါးစပ်ထဲရှိရာ ပေါက်ပန်းလေးဆယ် ပြောနေတယ်။ လုပ်ခလစာကမတိုး ၊တက်ပြီးတဲ့ ကုန်စျေးနှုန်းကပြန်မကျ သူအာဏာရူးဖို့ပဲသိတယ်။ ပြည်သူ့ဒုက္ခကိုဘာမှ နားလည်တဲ့ကောင်မဟုတ်ဖူး”ဟု လှိုင်မြို့နယ်မှ အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးကပြောကြားသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဒေါ်လာစျေး အဆမတန်မြင့်တက်ခြင်း၊ ပြည်တွင်းစက်သုံးဆီစျေးကြီးမြင့်ခြင်း၊ အခြေခံစားသောက်ကုန်စျေးကြီးမြင့်ခြင်းများနှင့် အလုပ်အကိုင်ရှားပါးမှုများကြောင့် အခြေခံပြည်သူများအနေဖြင့် စားဝတ်နေရေးကျပ်တည်းမှုကိုရင်ဆိုင်နေရသည်။
ကမ္ဘာ့ဘဏ်က ယခုနှစ် ဇူလိုင် ၂၁ရက်တွင်ထုတ်ပြန်ထားသည့် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် မြန်မာ့စီးပွားရေးသည် ထိလွယ်ရှလွယ် အကဲဆတ်နေပြီး နောက်ကြောင်းပြန်လှည့်နေသည့်အတွက် စီးပွားရေးမျှော်မှန်းချက် အားနည်းနေသည်ဟု ဆိုထားသည်။
စီးပွားရေး ဦးမော့လာမှုမရှိသည့်အတွက် ယခုနှစ်ဂျီဒီပီသည် ၂၀၁၉ ခုနှစ်နှုန်းနှင့်နှိုင်းယှဥ်ပါက ၁၃ရာခိုင်နှုန်းနိမ့်ကျနေသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် စီးပွားရေးအရ တင်းကျပ်လာမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံရေးအခြေအနေကြောင့် ထွက်ခွာခြင်းထက် စီးပွားရေးတွက်ချေမကိုက်မှုကြောင့် ထွက်ခွာမှုပိုမိုများပြားလာလျက်ရှိသည်။