◾စိတ်ပျက်စရာကစားကွက်နဲ့ နောက်ဆုံးမိနစ်ရောက်မှ အသက်ရှူချောင်ခဲ့တဲ့အင်္ဂလန်နဲ့ လေးပွဲဆက်အနိုင်နဲ့ နောက်တစ်ဆင့်တက်တဲ့ စပိန် ◾ကွာတားမှာ ဘယ်အသင်းတွေနဲ့ တွေ့ကြမလဲ?

Author မောင်ရှမ်း
Categories
Published on Jul 01, 2024

အင်္ဂလန် ၂ – ၁ ဆလိုဗက်ကီးယား

 

ပြီးခဲ့တဲ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာတော့ နာမည်ကြီး အင်္ဂလန်အသင်းဟာ ဆလိုဗက်ကီးယားကို နောက်ကနေ လိုက်ကစားခဲ့ရပြီး အသည်းအသန်ရုန်းခဲ့ရပါတယ်။ အုပ်စုအဆင့်တုန်းက ပုံမှန်ပွဲထွက်နေကျလူစာရင်းမှာ အာနိုးလ်နေရာ မိုင်နူးထည့်ထားတာကလွဲရင် ကစားပုံက အတူတူပါပဲ။ အင်္ဂလန်ဟာ ပွဲစကတည်းက ပြိုင်ဘက်ကို အသာစီးရယူနိုင်ဖို့ ခက်ခဲနေခဲ့သလို ကိုယ်ပိုင်ဟန်တစ်ခုလည်း ပျောက်ဆုံးနေခဲ့ပါတယ်။ ပွဲချိန် ၂၅ မိနစ်မှာတော့ ရိုးရှင်းတဲ့ထိုးဖောက်မှုကနေပဲ ဆလိုဗက်ကီးယားတို့ ဦးဆောင်ဂိုးရသွားခဲ့တယ်။ ဂိုးပေးလိုက်ရလို့ အင်္ဂလန်တို့ ဖိအားဝင်သွားခဲ့ပြီး သာမန်ထက်ပိုပြီး ကြိုးစားကစားလာတယ်ဆိုပေမဲ့ သာမန်ပေးပို့မှုတွေတောင် အလွဲလွဲအချော်ချော်ဖြစ်နေတာက ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

 

ပွဲချိန် ၆၆ မိနစ်မှာ ထရစ်ပီယာဒဏ်ရာရသွားလို့ ပယ်လ်မားကို ဝင်ကစားစေခဲ့ပြီး ညာတောင်ပံတိုက်စစ်က ဆာကာကို ဘယ်နောက်ခံလူအဖြစ် ပြောင်းလဲကစားစေခဲ့တာတွေ့ရပါတယ်။ အင်္ဂလန်အနေနဲ့ မိနစ် ၈၀ ကျော်တဲ့အထိ ဂိုးပေါက်တည့်မှုတစ်ကြိမ်မှကို မရှိခဲ့ပါ။ ဒီလိုအနေအထားမှာ ဆောက်ဂိတ်အနေနဲ့ ထူးခြားတဲ့လူစားလဲမှုတွေကိုလည်း ပြုလုပ်ခြင်းမရှိပါဘူး။ ၈၄ မိနစ်မှာ မိုင်နူးအစား အဇီးကို ထည့်သွင်းခဲ့သလို ချေပဂိုးအသည်းအသန်လိုအပ်နေတဲ့ နာကျင်အချိန်ပိုရောက်မှာ ဖိုဒန်ကို ထုတ်ပြီး အိုင်ဗန်တိုနေးကို ထည့်ကစားခဲ့တာပါ။

 

အိုင်ဗန်တိုနေးဝင်လာချိန်ဟာ ၉၀+၂ မိနစ်ရှိနေပြီဖြစ်ပြီး အချိန်ပိုက ၆ မိနစ်ပေးထားပါတယ်။ ၉၀+၄ မိနစ်မှာတော့ အင်္ဂလန်တို့ချေပဂိုးရသွားခဲ့ပြီး ၂ ကြိမ်ဆက်ရလာတဲ့ လက်ပစ်ဘောကို ဝေါလ်ကာက ဂိုးထဲပစ်ထည့်ပေးရာမှာ ဂူဟီက ခေါင်းတိုက်ချပေးတာကို ဘယ်လင်ဟမ်က လှပတဲ့နောက်ပြန်ကန်ချက်နဲ့ ချေပဂိုးရယူပေးခဲ့တာပါ။ ဒါဟာ အင်္ဂလန်အတွက် မိနစ် ၉၀ အတွင်းမှာ ပထမဆုံးဂိုးပေါက်တည့်ကန်ချက်လည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့တစ်ဂိုးစီသရေဖြစ်သွားခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရာမှာတော့ ပထမဆုံးမိနစ်မှာပဲ ဦးဆောင်ဂိုးထပ်ရသွားပါတယ်။ ပယ်လ်မားရဲ့ပြစ်ဒဏ်ဘောကန်ပို့ပေးမှုကနေ ထွက်လာတဲ့ဘောလုံးကို အဇီးကန်သွင်းရာမှာ ချော်သွားခဲ့ပြီး အိုင်ဗန်တိုနေးက ခေါင်းတိုက်ပြီး ဂိုးရှေ့ထပ်ပို့ရာမှာ ဟာရီကိန်းက အနီးကပ်ခေါင်းတိုက်အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

 

ဒီလိုနဲ့ပဲ အင်္ဂလန်တို့ဦးဆောင်ဂိုးရသွားခဲ့ပြီး လက်ကျန်မိနစ် ၃၀ လောက်ကိုလည်း ပွဲရလဒ်ကိုထိန်းဖို့အတွက်ပဲ ဦးတည်ပြီး ကစားသွားခဲ့တာပါ။ အဆုံးသတ်မှာတော့ အင်္ဂလန်တို့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာတော့ အီတလီကိုကျော်ဖြတ်လာတဲ့ ဆွစ်ဇာလန်နဲ့ ဆုံမှာဖြစ်ပြီး ဇူလိုင် ၆ ရက်နေ့မှာ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။

 

လေးပွဲဆက်အနိုင်နဲ့ နောက်တစ်ဆင့်တက်တဲ့ စပိန်

စပိန် ၄ – ၁ ဂျော်ဂျီယာ

စပိန်ဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာအနားပေးထားတဲ့ အဓိက ကစားသမားအစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီး ဘောလုံးကိုင်ကစားကာ အသာစီးရယူဖို့ ကြိုးစားခဲ့ပါတယ်။ စပိန်ကွင်းလယ်အတွဲဖြစ်တဲ့ ရိုဒရီ၊ ပတ်ဒရီနဲ့ ရုစ်ဇ်အတွဲဟာ ပွဲကိုလွှမ်းမိုးထားနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဂျော်ဂျီယာကတော့ အတင်းဝင်အတင်းထွက်ပုံစံနဲ့ ဖြိုဖျက်ဖို့ ကြိုးစားခဲ့သလို တိုက်ရိုက်အမြန်ပေးကစားဟန်နဲ့ စပိန်ကို ပြန်လည်ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲအစ ၁၈ မိနစ်မှာပဲ ညာခြမ်းကနေ မီကော်တက်ဇ်ရဲ့ လှပသေသပ်တဲ့ဖြတ်တင်ဘောဟာ ခဗာရက်စကာလီယာပိတ်သွင်းမယ့်အနေအထားမှာ လီနော်မန်နဲ့ထိပြီး OG ဖြစ်သွားခဲ့ပါတယ်။

 

ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ စပိန်ဟာ ပျာမသွားခဲ့ဘူး။ တည်ငြိမ်စွာနဲ့ပဲ တိုက်စစ်ကို တစ်လှိုင်းပြီး တစ်လှိုင်း ပုံဖော်နေခဲ့ပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ ၃၉ မိနစ်မှာ ချေပဂိုးရသွားခဲ့ပြီး ကွင်းလယ်လူ ရိုဒရီက သူ့ရဲ့ထုံးစံအတိုင်းပဲ အပြင်းကန်သွင်းသွားခဲ့တာပါ။ သရေဖြစ်သွားချိန်မှာ ဂျော်ဂျီယာဟာ ခံစစ်ကို ပိုပြီးအာရုံစိုက်ကစားခဲ့သလို တန်ပြန်တိုက်စစ်ကနေပဲ ဒုက္ခပေးဖို့ ချောင်းနေခဲ့ပါတယ်။ ပထမပိုင်းဟာ သရေနဲ့ပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ စပိန်ရဲ့ကြွရွလွန်းတဲ့တိုက်စစ်ကို ဂျော်ဂျီယာတို့ တောင့်ခံနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ၅၁ မိနစ်မှာ ယာမယ်လ်ရဲ့ ဖြတ်တင်ဘောကို ရုဇ်က အနီးကပ်ခေါင်းတိုက်ကာ ဦးဆောင်ဂိုးရယူသွားခဲ့သလို ၇၅ မိနစ်မှာ နစ်ကိုးလ် ဝီလီယံက တစ်ကိုယ်တော်အစွမ်းနဲ့ အနိုင်သေချာစေမယ့် ဂိုး၊ လူစားဝင်လာတဲ့ အိုလမိုက ၈၃ မိနစ်မှာ အပိတ်ဂိုးကို သွင်းပေးခဲ့လို့ ပွဲအပြီးမှာ ၄ ဂိုး ၁ ဂိုးနဲ့ အပြတ်အသတ်အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ စပိန်အတွက် ယူ ၂၀၂၄ အတွက် လေးပွဲဆက်အနိုင်လည်းဖြစ်ပါတယ်။

 

ဒါကြောင့် ကွာတားဖိုင်နယ်အဆင့်မှာတော့ စပိန်ဟာ အိမ်ရှင်ဂျာမနီနဲ့ ရင်ဆိုင်ရတော့မှာပါ။ ဒီပွဲစဉ်ကို ဇူလိုင် ၅ ရက်နေ့မှာ ကစားမှာဖြစ်ပြီး ဒီနှစ်ယူရိုပြိုင်ပွဲရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးသော ပွဲစဉ်ဖြစ်လာဖို့ ရှိနေပါတယ်။

 

ဓာတ်ပုံ – UEFA Euro 2024