လက်ရှိချန်ပီယံ အီတလီနဲ့ အိမ်ရှင် ဂျာမနီတို့ နောက်တစ်ဆင့်တက်နိုင်မလား
ဒီကနေ့ ဇွန် ၂၉ ရက်ညမှာတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေ စတင်တော့မှာဖြစ်ပါတယ်။ ၁၆ သင်းအဆင့်ပွဲစဉ်တွေထဲက အစောဆုံး ပွဲစဉ်အဖြစ် ဒီည မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ဆွစ်ဇာလန်နဲ့ လက်ရှိချန်ပီယံအီတလီတို့ ယှဉ်ပြိုင်သွားဖို့ရှိနေသလို ဇွန် ၃၀ ရက် နံနက် ၁ နာရီခွဲမှာတော့ အိမ်ရှင် ဂျာမနီနဲ့ ဒိန်းမတ်တို့ ကစားသွားရမှာဖြစ်ပါတယ်။
ဆွစ်ဇာလန် – အီတလီ
ဆွစ်ဇာလန်ဟာ အုပ်စုတွင်းမှာ အိမ်ရှင်ဂျာမနီနဲ့တစ်အုပ်စုတည်းကျခဲ့တဲ့အသင်းဖြစ်ပြီး တစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ ဂျာမနီရဲ့နောက် ဒုတိယအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာတာပါ။ ဆွစ်ဇာလန်ဟာ ဂိုးသမား ယန်ဆွမ်းမား၊ ခံစစ်မှာ အခန်ဂျီ၊ ဖာဘီယန်ရှားနဲ့ ရီကာဒို ရိုဒရီဂွက်ဇ်တို့လို ကစားသမားတွေရှိနေပြီး ကွင်းလယ်မှာလည်း အသင်းခေါင်းဆောင် ရှာကာနဲ့ ဝါရင့်ကစားသမား ရှာကွီရီတို့ ရှိနေပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်မှာဆိုရင် ဂျာမနီကို ဦးဆောင်ကစားနိုင်ခဲ့ပြီး နောက်ဆုံးမိနစ်မှာ ချေပဂိုးပေးခဲ့ရလို့သာ သရေကျသွားခဲ့တာဖြစ်ပါတယ်။
အီတလီကတော့ အုပ်စုအဖွင့်ပွဲမှာ အယ်လ်ဘေးနီးယားကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တာကလွဲပြီး နောက်ထပ်နိုင်ပွဲမရခဲ့ပါဘူး။ အုပ်စုဒုတိယပွဲမှာ စပိန်ကို ရှုံးပြီး အုပ်စုနောက်ဆုံးပွဲမှာ ခရိုအေးရှားကို နာကျင်အချိန်ပိုမိနစ်သွင်းဂိုးကြောင့်သာ ဒီအဆင့်ကိုရောက်လာခဲ့တာပါ။ ဒါပေမဲ့ ကစားခဲ့တဲ့ပွဲတိုင်းမှာ လက်ရှိချန်ပီယံအသင်းတစ်သင်းရဲ့ မာဂုဏ်ကိုတော့ မြင်တွေ့ထားရတယ်လို့ ဆိုနိုင်ပါတယ်။
နှစ်သင်းလုံးက ကစားအားကောင်းတဲ့အသင်းတွေဖြစ်သလို ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ ကစားသမားမျိုးနည်းပါးပြီး အသင်းလိုက်ဟန်ချက်နဲ့ ပွဲတစ်ပွဲကို အနိုင်ယူဖို့ ကြိုးစားတတ်တဲ့အသင်းတွေဖြစ်နေတာကြောင့် သာမန်ပွဲအချိန်အတွင်း သရေကျဖို့များပြီး အချိန်ပိုထိရောက်သွားနိုင်ပါတယ်။ နောက်တစ်ဆင့်တက်မယ့်အသင်းဆိုရင်တော့ လက်ရှိချန်ပီယံ အီတလီပါပဲ။
ခန့်မှန်းချက် – ဆွစ်ဇာလန် ၀-၁ အီတလီ
ဂျာမနီ – ဒိန်းမတ်
အိမ်ရှင်ဂျာမနီကတော့ အဖွင့်ပွဲမှာကတည်းက ချန်ပီယံခြေစွမ်းကို ပြသနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီကို အစောဆုံးတက်လှမ်းနိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ အဖွင့်ပွဲမှာ စကော့တလန်ကို ဂိုးပြတ်အနိုင်ယူခဲ့သလို ဒုတိယပွဲမှာလည်း ဟန်ဂေရီကို ၂ ဂိုးပြတ်နဲ့ အုပ်စုနောက်ဆုံးပွဲမှာ ဆွစ်ဇာလန်ကို တစ်ဂိုးစီသရေကစားခဲ့တာပါ။ ကင်းမစ်ချ်၊ တူနီခရူးစ်၊ ဂန်ဒိုဂမ်တို့လို စွမ်းဆောင်ရည်မြင့်ကစားသမားတွေပိုင်ဆိုင်ထားတဲ့ ဂျာမနီရဲ့လူအင်အားအရ ဘယ်အသင်းကို မဆိုအသာစီးက ကစားနိုင်စွမ်းရှိသလို လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ မူစီယာလာနဲ့ ဖလော်ရီယန် ဝှစ်ဇ်တို့ရဲ့ အရည်အသွေးကြောင့် ဗိုလ်စွဲဖို့အထိ ရေပန်းစားနေတာပါ။
ယူရို ၂၀၂၀ မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ဒိန်းမတ်ကတော့ ဒီနှစ်မှာ အားရစရာမရှိပါဘူး။ ကက်စပါ ရှမိုက်ကယ်၊ အဲရစ်ဆင်၊ ဟော့ဂျ်ဘတ်တို့လို ဝါရင့်တွေအပြင် ဟော့ဂျ်လန်းတို့လို လူငယ်တွေပါဝင်ခဲ့ပေမယ့် အုပ်စု ၃ ပွဲလုံးနိင်ပွဲမရှိခဲ့ဘဲ ၃ ပွဲလုံးသရေကျကာ ၃ မှတ်တည်းနဲ့ ဒီအဆင့်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ စာရွက်ပေါ်ကလူစာရင်းအရ ဂျာမနီကို ယှဉ်နိုင်မယ်လို့ မျှော်လင့်ရပေမယ့် ဂျာမနီမြေပေါ်မှာ ကစားရမှာဖြစ်လို့ လွယ်ကူမှာမဟုတ်ပါဘူး။
အိမ်ရှင်ဂျာမနီအနေနဲ့ အဘက်ဘက်က အသာစီးရနေတာကြောင့် စောစောစီးစီးဂိုးရခဲ့ရင် ဂိုးပြတ်ဆိုတဲ့ ရလဒ်မျိုးထွက်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဘာမဆိုဖြစ်သွားနိုင်တဲ့ ရှုံးထွက်အဆင့်တွေကို ရောက်လာခဲ့ပြီဖြစ်လို့ ဒိန်းမတ်ရဲ့ခံကစားအားကိုလည်းလျှော့တွက်လို့တော့မရပါဘူး။ ဂျာမနီအနေနဲ့ ၂ ဂိုး ဂိုးမရှိလောက်နဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်လှမ်းသွားနိုင်ပါတယ်။
ခန့်မှန်းချက် – ဂျာမနီ ၂ – ၀ ဒိန်းမတ်
ဓာတ်ပုံ – Optus Sport