ဖာဂီနဲ့ စကားပြောဖြစ်တိုင်း သင်ခန်းစာတစ်ခုအမြဲတမ်းရတယ်လို ဆိုလာတဲ့ ကာကာ

Author CJ Platform
Categories
Published on Jun 29, 2024

ဘရာဇီးလ်ကြယ်ပွင့်ဟောင်း ကာကာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်နည်းပြ‌ကြီး ဆာအဲလက်စ် ဖာဂူဆန်နဲ့ တွေ့ဆုံဖြစ်ခဲ့ကြောင်းကို သူ့ရဲ့ X အကောင့်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

 

X ဆိုရှယ်မီဒီယာအကောင့်မှာ ဖာဂူဆန်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီး “ဖာဂူဆန်နဲ့ စကားပြောတိုင်းမှာ သင်ခန်းစာတစ်ခု အမြဲရပါတယ်။ ကျေးဇူးပါပဲ မစ္စတာ ဖာဂူဆန်” လို ရေးသားထားခဲ့တာပါ။

 

ဖာဂူဆန်ဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးသော နည်းပြတွေထဲ တစ်ဦးအပါအဝင်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ၂၆ နှစ်ကြာ ကိုင်တွယ်ခဲ့ကာ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၃၉ လုံးအထိ ဆွတ်ခူးနိုင်ခဲ့တာပါ။

 

ဆာအဲလက်စ် ဖာဂူဆန်ဟာ ယူနိုက်တက်နည်းပြအဖြစ် ရှိနေစဉ်တုန်းက ကာကာနဲ့ သူ့ရဲ့ အကို ဒီဂါအိုကို ခေါ်ယူဖို ကြိုးစားခဲ့ဖူးပြီး သူတိုကတော့ မီလန်မှာပဲ ဆက်နေဖို ဆုံးဖြတ်ခဲ့တယ်လို ဘရာဇီးလ်လက်ရွေးစင်ဟောင်း ကာကာ Four Four Two မဂ္ဂဇင်းနဲ့ ဆုံတွေ့မှုတစ်ခုမှာ ဖွင့်ဟခဲ့ဖူးပါတယ်။

 

ကာကာဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်နဲ့အတူ ချန်ပီယံဖြစ်ခဲ့သလို ၂၀၀၇ ခုနှစ်မှာ အေစီမီလန်နဲ့ ချန်ပီယံလိဂ်ဖလားအပြင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (ဘလွန်းဒီအော်) ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

 

ဓာတ်ပုံ – X