ယူရို ၂၀၂၄ အုပ်စုအဆင့် ဒရမ်မာပြီးဆုံး၊ ရှုံးထွက်အဆင့် ပွဲစဉ်တွေ ထွက်ပေါ်၊ အိမ်ရှင်ဂျာမနီက ဒိန်းမတ်၊ လက်ရှိချန်ပီယံ အီတလီက ဆွစ်ဇာလန်နဲ့ ပြင်သစ်-ဘယ်လ်ဂျီယံတို့ ထိပ်တိုက်တွေ့

Author ကိုရှမ်း
Categories
Published on Jun 27, 2024

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကတော့ ဒီနေ့ ဇွန်လ ၂၇ ရက်မှာ အုပ်စုအဆင့်ပွဲစဉ်အားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ အုပ်စုတွင်း ပွဲစဉ်အတော်များများ နောက်ဆုံးပွဲတွေအထိ အသက်ပါခဲ့ပြီး ငိုသူက ငို၊ ပျော်သူက ပျော်နဲ့ ဒရမ်မာတစ်ပုဒ်ပြီးဆုံးလို့ နောက်ထပ် ရှုံးထွက်အဆင့်တွေကို ထပ်ဆက်ပါတော့မယ်။

 

မနေ့ ဇွန် ၂၆ ရက် ညပိုင်း အုပ်စု E က နောက်ဆုံးပွဲစဉ်တွေမှာ ဆလိုဗက်ကီးယားနဲ့ ရိုမေးနီးယားတို့ တစ်ဂိုးစီသရေကျခဲ့သလို ယူကရိန်းနဲ့ ဘယ်လ်ဂျီယံကလည်း ဂိုးမရှိသရေကျခဲ့ကာ ထူးထူးခြားခြား အုပ်စုတွင်းလေးသင်းစလုံး လေးမှတ်စီနဲ့ အဆုံးသတ်ခဲ့ပါတယ်။

 

ဂိုးကွာခြားချက်အရ ရိုမေးနီးယားက အုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ဘယ်လ်ဂျီယံက အုပ်စုဒုတိယနဲ့ ဆလိုဗက်ကီးယားကတော့ အကောင်းဆုံးတတိယနေရာနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ လေးမှတ်စီရတာချင်းအတူတူ ဂိုးကွာခြားချက် အနုတ် ၂(-၂) ဖြစ်ခဲ့တဲ့ ယူကရိန်းကတော့ ကံဆိုးခဲ့ပါတယ်။

 

အုပ်စု (F)ကတော့ ပေါ်တူဂီက ဂျော်ဂျီယာကို ၂ ဂိုးပြတ်ရှုံးပေမဲ့ အုပ်စုဗိုလ်နေရာနဲ့ပဲ နောက်တစ်ဆင့်တက်ပါတယ်။ ပေါ်တူဂီနည်းပြ မာတီနက်ဇ်ဟာ ရော်နယ်ဒိုကို ပွဲထွက်စာရင်းမှာ အသုံးပြုခဲ့တယ်ဆိုပေမဲ့ ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်ဇ်တို့လို ကစားသမားတွေကို အနားပေးထားတာကြောင့် အနည်းငယ်ရုန်းကန်ခဲ့ရတာကို မြင်တွေ့ခဲ့ရတာပါ။ ပေါ်တူဂီကိုအနိုင်ရခဲ့တဲ့ ဂျော်ဂျီယာကတော့ အကောင်းဆုံးတတိယအဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

 

ချက်နဲ့ တူရကီတို့ပွဲစဉ်ကတော့ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ချက်ဘက်က အဝါကတ် ၇ ကတ်၊ အနီကတ် ၂ ကတ်ထိခဲ့သလို တူရကီဘက်မှာလည်း အဝါကတ် ၁၁ ကတ်အထိ ပြသခံခဲ့ရပြီး ယူရိုပွဲစဉ်တစ်လျှောက် အကြမ်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာပါ။ ပွဲအပြီးမှာတော့ တူရကီက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရကာ အုပ်စုဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ဆီကို တက်လှမ်းနိုင်ခဲ့ပါတယ်။

 

အဲဒီလို အုပ်စုပွဲစဉ်တွေအပြီး ဒီနေ့ ဇွန်လ ၂၇ ရက် မနက် အစောပိုင်းမှာပဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

 

အဲဒီထဲ အိမ်ရှင်ဂျာမနီက စုဖွဲ့မှုအားကောင်းတဲ့ ဒိန်းမတ်နဲ့ ကစားရမှာဖြစ်သလို ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယဆုရှင် ပြင်သစ်ကတော့ ဒီဘရိုင်း၊ လူကာကူ၊ ဒိုကူတို့ရဲ့ ဘယ်လ်ဂျီယံနဲ့ ကစားရမှာပါ။ လက်ရှိ ယူရို ၂၀၂၀ ချန်ပီယံ အီတလီကတော့ အသင်းမာတဲ့ ဆွစ်ဇာလန်နဲ့ ကစားရမှာဖြစ်ပါတယ်။

 

၁၆ သင်းအဆင့်ပွဲစဉ်များ

————

ဆွစ်ဇာလန် – အီတလီ

ဂျာမနီ – ဒိန်းမတ်

အင်္ဂလန် – ဆလိုဗက်ကီးယား

စပိန် – ဂျော်ဂျီယာ

ပြင်သစ် – ဘယ်လ်ဂျီယံ

ပေါ်တူဂီ – ဆလိုဗေးနီးယား

ရိုမေးနီးယား  -နယ်သာလန်

ဩစတြီးယား – တူရကီ

 

ဓာတ်ပုံ -UERA