စံချိန်မှတ်တမ်းအတွက်၊ ဂုဏ်သိက္ခာအတွက် ကစားမယ့် ရော်နယ်ဒိုရဲ့ ပေါ်တူဂီ
ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကတော့ ဒီညမှာ အုပ်စုအဆင့်ပွဲစဉ်တွေ အားလုံး ပြီးဆုံးတော့မှာဖြစ်ပါတယ်။ လက်ကျန်ပွဲစဉ်အနည်းငယ်ထဲမှာတော့ ဂျော်ဂျီယာနဲ့ ပေါ်တူဂီတို့ရဲ့ ပွဲစဉ်က ပရိသတ်တွေအတွက် စိတ်ဝင်စားစရာတွေကို ယူဆောင်လာဦးမှာပါ။
ရော်ဘတ်တို မာတီနက်ဇ် ဦးဆောင်နေတဲ့ ပေါ်တူဂီအသင်းဟာ ၂ ပွဲကစားပြီးချိန်မှာပဲ ရမှတ် ၆ မှတ်နဲ့ အုပ်စုဗိုလ်နေရာကို ရရှိခဲ့ပြီးဖြစ်လို့ ဒီပွဲကတော့ စံချိန်မှတ်တမ်းတွေအတွက်၊ ဂုဏ်သိက္ခာအတွက် ကစားရမယ့်ပွဲမျိုးဖြစ်နေပါတယ်။
ဂျော်ဂျီယာဟာ ဒီနှစ်မှသာ ယူရိုပြိုင်ပွဲကို ပထမဆုံးဝင်ရောက်ကစားခွင့်ရထားတာဖြစ်ပြီး သူတို့ရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ခဗာရက်စကာလီယာကတော့ ပေါ်တူဂီဟာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တက်နေပြီးသားဖြစ်တာကြောင့် စိတ်ဓာတ်ပြင်းပြမှုအပိုင်းမှာ သူတို့အသာရနေတယ် လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ဂျော်ဂျီယာ နည်းပြအဖြစ် တာဝန်ယူထားတဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူဟောင်း ဝီလီ ဆက်ဂ်ညောကတော့ သူ့အသင်းရဲ့အခြေအနေအပေါ် အကောင်းမြင်ထားပြီး နောက်ဆုံးပွဲစဉ်အထိ မျှော်လင့်ချက်ရှိနေတာဟာ ကောင်းမွန်တဲ့လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။
ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ချက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အုပ်စုဒုတိယပွဲစဉ်မှာတော့ တူရကီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၉ နှစ်ကို ကျော်လွန်နေခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ တူရကီနဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားတာပါ။
ရော်နယ်ဒိုအနေနဲ့ သွင်းဂိုးတစ်ဂိုးရယူနိုင်မယ်ဆိုရင်တော့ ယူရိုသမိုင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်နိုင်မှာဖြစ်လို့ ပေါ်တူဂီနည်းပြ မာတီနက်ဇ်ကတော့ ရော်နယ်ဒိုကို ပွဲထွက်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။
ပေါ်တူဂီနဲ့ ဂျော်ဂျီယာတို့အကြားမှာ ထိပ်တိုက်တွေ့ဆုံမှုတစ်ကြိမ်သာရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တုန်းက ခြေစမ်းပွဲကစားခဲ့ရာမှာ ပေါ်တူဂီက ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂျော်ဂျီယာဟာ အုပ်စု ၂ ပွဲကစားပြီးချိန်မှာ ဂိုးကန်သွင်းခွင့် (၄၉) ကြိမ်၊ ဂိုးပေါက်တည့်မှု (၂၀) ကြိမ်နဲ့ တခြားအသင်းတွေအားလုံးထက် ဂိုးကန်သွင်းခွင့် ပေးထားရတဲ့အသင်းဖြစ်ပါတယ်။
ဒီလိုခံစစ်ကြောင်း အားနည်းချက်တွေရှိနေတဲ့ ဂျော်ဂျီယာနဲ့အဆုံမှာ ရော်နယ်ဒိုအနေနဲ့ သွင်းဂိုးရယူပြီး စံချိန်သစ်တင်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ ၂၀၀၄ ယူရိုပြိုင်ပွဲကတည်းက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီညပွဲစဉ်မှာ ပါဝင်ကစားနိုင်မယ်ဆိုရင်တော့ အဓိက ပြိုင်ပွဲကြီးတွေမှာ ပွဲပေါင်း ၅၀ ပြည့်မယ့် ပထမဆုံး ဥရောပကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။
ဓာတ်ပုံ – The Sun