မျှော်လင့်ထားသလိုဖြစ်မလာတဲ့ ပြင်သစ် လမ်းကြောင်းအကျပ်ထဲ ရောက်၊ နာမည်ကြီးတွေကို နောက်ကောက်ချလိုက်တဲ့ ဩစတီးယား
ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့တာကတော့ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ပြင်သစ်နဲ့ နယ်သာလန်တို့ပါဝင်ခဲ့တဲ့ အုပ်စု (D) ပါပဲ။
ပြီးခဲ့တဲ့ ဇွန် ၂၅ ညပိုင်းမှာ ကစားခဲ့တဲ့ အုပ်စု (D) ရဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ပြင်သစ်ဟာ ပိုလန်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နယ်သာလန်ကတော့ ဩစတြီးယားနဲ့ ကစားခဲ့ရတာပါ။
အဲဒီမှာ အားလုံးတွက်ဆထားခဲ့တာ ပြင်သစ်က ပိုလန်ကိုအနိုင်ယူပြီး အုပ်စုပထမနေရာ ရယူ၊ နယ်သာလန်က ဩစတီးယားကို သရေ(သို့မဟုတ်)အနိုင်ယူပြီး အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်ဆိုတာမျိုးပါ။ ဒါပေမဲ့ ပရိသတ်တွေ မျှော်လင့်ထားသလို ပွဲရလဒ်တွေက ဖြစ်မလာခဲ့ဘဲ ပြောင်းပြန်ရလဒ်တွေထွက်လာခဲ့ပါတယ်။
ပြင်သစ်-ပိုလန်ပွဲမှာဘယ်လိုရလဒ်မျိုးထွက်ပေါ်ခဲ့ပါစေ အုပ်စုအဆင့်ကနေ ထွက်ခွာရမယ့် ပိုလန်ဟာ ပြင်သစ်ကို အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒုတိယပိုင်း ၅၆ မိနစ်အရောက်မှာ ဒမ်ဘီလီကို ပိုလန်နောက်ခံလူ ကီဝီရော ပြစ်ဒဏ်ကျူးလွန်ရာကနေ ပြင်သစ်တို့ ပင်နယ်တီရရှိခဲ့ပြီး အသင်းခေါင်းဆောင် အမ်ဘတ်ပေက အဆုံးသတ်ကန်သွင်းကာ ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ဒါဟာ အမ်ဘတ်ပေအတွက် သူ့ကစားသမားဘဝမှာ ပထမဆုံးယူရိုသွင်းဂိုး ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ပြင်သစ်အနေနဲ့ ဦးဆောင်ဂိုးရခဲ့တယ်ဆိုပေမဲ့ ကစားပုံအရ အသာစီးရဖို့ ခက်ခဲနေဆဲဖြစ်ပြီး ၇၉ မိနစ်မှာတော့ ပိုလန်ကို ပင်နယ်တီခွင့်ပြုပေးခဲ့ရပါတယ်။ ဒီပင်နယ်တီကို ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက ကန်သွင်းကာ တစ်ဂိုးစီသရေဖြစ်စေခဲ့ပါတယ်။ ချေပဂိုးပေးလိုက်ရပြီးနောက်မှာ ပြင်သစ်အနေနဲ့ တိုက်စစ်မြှင့်ခဲ့ပေမဲ့ အချိန်မမီတော့ဘဲ သရေရလဒ်နဲ့ ပွဲပြီးသွားခဲ့ရပါတယ်။
တစ်ဖက်မှာတော့ ဩစတီးယားက မထင်မှတ်တာတွေလုပ်ပြနိုင်ခဲ့ပြီး နယ်သာလန်ကို အကြိမ်ကြိမ် ဦးဆောင်ကစားခဲ့ကာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး အသင်းကြီးတွေကို နောက်ကောက်ချကာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားပါတယ်။ နယ်သာလန်အနေနဲ့ သရေရလဒ်တောင် မထိန်းနိုင်ခဲ့လို့ အကောင်းဆုံးတတိယနေရာနဲ့သာ ၁၆ သင်းအဆင့်ဆီကို ရောက်လာတော့မှာဖြစ်ပါတယ်။
အုပ်စုနောက်ဆုံးပွဲရလဒ်ကြောင့် ပြင်သစ်အသင်းဟာ လမ်းကြောင်းအကျပ်ထဲကို ရောက်ရှိသွားခဲ့ပြီး ကစားသမား အင်အားတောင့်တင်းတဲ့ စပိန်၊ ဂျာမနီ၊ ပေါ်တူဂီတို့ ရှိနေတဲ့ ဘက်ခြမ်းကို ရောက်သွားခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်ဟာ ၁၆ သင်းအဆင့်ကို ကျော်လွန်ခဲ့မယ်ဆိုရင် တစ်ဖက်က တက်လာနိုင်တဲ့ပေါ်တူဂီနဲ့ ဆုံတွေ့နိုင်သလို ထပ်မံကျော်ဖြတ်နိုင်ခဲ့ရင်လည်း ဆီမီးအဆင့်မှာ စပိန်၊ ဂျာမနီတို့လိုအသင်းတွေနဲ့ ဆက်လက်ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – Sportbible