အသင်းခေါင်းဆောင် မိုဒရစ် စံချိန်သစ်တင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် အသည်းကွဲခဲ့ရတဲ့ ခရိုအေးရှား

Author မောင်ရှမ်း
Categories
Published on Jun 25, 2024

ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲကြီးကတော့ အုပ်စုအဆင့်ရဲ့နောက်ဆုံးပွဲစဉ်တွေဆီ ရောက်ရှိလာခဲ့ပါပြီ။ ဒီလိုအနေအထားမှာ ၁၆ သင်းအဆင့်ကို တက်ရောက်သွားတဲ့အသင်းတွေအပြင် အုပ်စုအဆင့်ကနေ နှုတ်ဆက်လမ်းခွဲရတဲ့အသင်းတွေလည်း ပေါ်ထွက်လာခဲ့ပြီဖြစ်သလို အကောင်းဆုံးတတိယနေရာနဲ့ နောက်တစ်ဆင့်ကို မျှော်လင့်နေတဲ့ အသင်းတွေလည်း ရှိလာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၂၄ ညပိုင်းတွေမှာဆိုရင်လည်း ပရိသတ်အချစ်တော် လူကာ မိုဒရစ်ဦးဆောင်တဲ့ ခရိုအေးရှားနဲ့ လက်ရှိချန်ပီယံ အီတလီအသင်းတို့ရဲ့ပွဲစဉ်ဟာလည်း တကယ့်ကို စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပါတယ်။ အီတလီအတွက် သရေကျရင် နောက်တစ်ဆင့်တက်မှာဖြစ်ပေမဲ့ ခရိုအေးရှားအတွက်ကတော့ အနိုင်ကစားဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပါဘူး။

 

ဒီလိုနဲ့ အပြန်အလှန်တိုက်စစ်ဆင်ကစားရင်း ပထမပိုင်းဟာ ဂိုးမရှိသရေနဲ့ပြီးဆုံးခဲ့ပေမဲ့ ဒုတိယပိုင်း မိနစ် ၅၀ ကျော်မှာတော့ ဂိုးဧရိယာအတွင်း အီတလီကစားသမား လက်နဲ့ထိခဲ့တာကြောင့် VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် ခရိုအေးရှားတို့ကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။ ဒီပင်နယ်တီကို မိုဒရစ်ကန်သွင်းခဲ့ပေမဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာ လက်စွမ်းပြကာကွယ်သွားနိုင်ခဲ့ပါတယ်။

 

ပင်နယ်တီလွဲပြီး တစ်မိနစ်ဝန်းကျင်မှာပဲ ခရိုအေးရှားတို့တိုက်စစ်ဆင်ရင်း ရလာတဲ့အခွင့်အရေးကို မိုဒရစ်က ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် မိုဒရစ်ဟာ ယူရိုပြိုင်ပွဲသမိုင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းရှင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မိုဒရစ်ဟာ ဒီဂိုးသွင်းယူချိန်မှာ အသက် ၃၈ နှစ်နဲ့ ၂၈၉ ရက် ရှိနေခဲ့ပြီဖြစ်ပါတယ်။

 

ခရိုအေးရှားဟာ အနိုင်ဂိုးကို ထိန်းကစားနိုင်ဖို့အတွက် ကြိုးစားနေခဲ့ပြီး သူတို့ရဲ့အစီအစဉ်ဟာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အထိ အလုပ်ဖြစ်ခဲ့ပါတယ်။ နာကျင်အချိန်ပို ၈ မိနစ်အထိပေးထားခဲ့ပြီး ၉၀+၇ မိနစ်အရောက်မှာတော့ အီတလီရဲ့လူစားဝင်တိုက်စစ်သမား ဇက်ကာဂနီရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရ‌ပြီး တစ်ဂိုးစီသရေနဲ့ပွဲပြီးဆုံးခဲ့လို့ ခရိုအေးရှားတို့ အသည်းကွဲခဲ့ရပါတယ်။

 

မိုဒရစ်အတွက်တော့ သူ့ရဲ့အသက်အရွယ်အရ ဒီပြိုင်ပွဲဟာ နောက်ဆုံးနိုင်ငံတကာပွဲဖြစ်လာဖို့ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ ပြိုင်ပွဲကနေထွက်ခွာရဖို့ဖြစ်လာတာကြောင့် ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကို လက်ခံယူနေချိန်မှာ အတော်လေးဝမ်းနည်းကြေကွဲနေဟန်ကို မြင်တွေ့ခဲ့ရပါတယ်။

 

ဒါ့အပြင် ညကကစားခဲ့တဲ့ အုပ်စု B ရဲ့ နောက်ပွဲစဉ်တစ်ခုဖြစ်တဲ့ အယ်လ်ဘေးနီးယားနဲ့ စပိန်အသင်းတို့ပွဲစဉ်မှာ စပိန်အသင်းက ဘာစီလိုနာကစားသမား တိုက်စစ်မှူး ဖာရန် တောရက်စ်ရဲ့ ၁၃ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

ဒါကြောင့် အုပ်စု B မှာ စပိန်က အုပ်စု ဗိုလ်နဲ့ ဒုတိယနေရာက အီတလီတို့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

 

အုပ်စု A မှာတော့ အိမ်ရှင် ဂျာမနီက အုပ်စုဗိုလ်၊ ဆွစ်ဇာလန်က ဒုတိယအနေနဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သလို ရမှတ်သုံးမှတ်ရထားတဲ့ ဟန်ဂေရီလည်း အကောင်းဆုံးအုပ်စုတတိယနဲ့ တက်လှမ်းခွင့်ရဖို့ မျှော်မှန်းနိုင်တဲ့အခြေအနေရှိနေပါသေးတယ်။

 

ဒီည ဇွန် ၂၅ ရက်မှာတော့ အုပ်စု D က နယ်သာလန်နဲ့ ဩစတီးယား၊ ပြင်သစ်နဲ့ ပိုလန်တို့ရဲ့ ပွဲကောင်းတွေ ည ၁၀ နာရီခွဲမှာကစားကြဖို့ ရှိသလို ၂၆ ရက်နေ့ ညဉ့်နက်ပိုင်း ၁ နာရီခွဲအချိန်မှာလည်း အုပ်စု C က အင်္ဂလန်နဲ့ ဆလိုဗေးနီးယား၊ ဒန်းမတ်နဲ့ ဆားဘီးယားတို့ရဲ့ ပွဲကောင်းတွေ ကစားဖို့ရှိနေပါတယ်။

 

ဓာတ်ပုံ – UEFA Euro 2024