မြန်မာနိုင်ငံသည် စီးပွားရေးအခက်အခဲအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကိုပါ ရင်ဆိုင်နေရကြောင်း ဦးကျော်မိုးထွန်းပြောကြား

Author လင်းခိုင်
Categories
Published on Oct 05, 2022

မြန်မာနိုင်ငံသည် စီးပွားရေးအခက်အခဲအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကိုပါ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

(၇၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီအစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက အထွေထွေမူဝါဒရေးရာမိန့်ခွန်းအား အောက်တိုဘာ ၄ရက်တွင်ပြောကြားခဲ့ပြီး အထက်ပါ အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့သည်။

စစ်တပ်သည် တရားမဝင်အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာများကို မီးရှို့ကာ နေအိမ်များကို ဖျက်ဆီးခြင်း၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် လွန်စွာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်မှုများကြောင့် းပွားရေးအခက်အခဲများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရကြောင်း သံအမတ်ကြီးက ပြောကြားသည်။

ဖက်ဆစ်စစ်အစိုးရ၏ တရားမဝင်မှုသည် နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အသက်ရှင်ရပ်တည်ရေးအတွက် ပိုမိုဆိုးရွားလာပြီး တရားဥပဒေစိုးမိုးရေးလုံးဝပျက်သုဥ်းခဲ့ကြောင်း သံအမတ်ကြီးကပြောကြားသည်။

ထို့ပြင် မြန်မာ့ငွေတန်ဖိုးလျော့ကျပြီး နိုင်ငံ GDP ၁၈ရာခိုင်နှုန်းကျဆင်းကာ လူဦးရေ ၁၁သန်းသည် စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရကာ ၁၄ဒသမ၄သန်းသည် လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေကြောင်း ၎င်းကဆိုသည်။

စစ်အာဏာရှင်သည် တိုင်းပြည်စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်ရေးကို လုပ်ဆောင်နိုင်သည့် အနေအထားမရှိကြောင်း ပြည်သူများ ဆင်းရဲတွင်းမှလွတ်မြောက်ရန် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ထူထောင်ခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဟု သံအမတ်ကြီးက ကုလသမဂ္ဂတွင်တင်ပြခဲ့သည်။

ထို့ကြောင့် ပြည်သူများကြိုးပမ်းအားထုတ်မှုကို နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်သည့် ပံ့ပိုးကူညီမှု မရှိမဖြစ်လိုအပ်ရာ ဖွံ့ဖြိုးရေးပန်းတိုင်များအောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် ထိရောက်သည့်ပံ့ပိုးကူညီမှုများ တိုးမြှင့်ပေးရန် သံအမတ်ကြီးက ကုလသမဂ္ဂတွင် တောင်းဆိုခဲ့သည်။

Related News

Depend on news