၈၈ငြိမ်းပွင့်မှ မနုနုအောင်၊ မခက်ခက်လွင် အပါအဝင်သုံးဦးအား ပုဒ်မ-၅၀(ည)၊ ၅၁(ဂ) တို့ဖြင့် စွဲချက်တင်

Author နန္ဒာ
Categories
Published on Oct 04, 2022

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မနုနုအောင်၊ မခက်ခက်လွင် နှင့် ကိုမြတ်သူတို့ကိုပုဒ်မ-၅၀(ည)၊ ၅၁(ဂ) တို့ဖြင့် ကျိုက်မရော အကျဥ်းထောင် တရားရုံး၌ စက်တင်ဘာ ၂၉ရက်တွင်စွဲချက်တင်ခဲ့ကြောင်း သတင်းရရှိသည်။

မနုနုအောင်နှင့် မခက်ခက်လွင်သည် ကျန်းမာရေးမကောင်းသဖြင့် ဘားအံမြို့သို့ ဆေးသွားကုရာတွင် စစ်ကောင်စီထောက်လှမ်းရေးအဖွဲ့က ယခုနှစ် ဧပြီ ၁၂ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ရက်ကြာ စစ်ကြောရေး၌ ဖမ်းဆီးမေးမြန်းမှုများပြုလုပ်ခံခဲ့ရသည်။

ကိုမြတ်သူသည် မခက်ခက်လွင်၏သားဖြစ်ပြီး မိခင်အားလိုက်လံဆေးကုသပေးရာ၌ တစ်ပါတည်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကြောရေးတွင် စစ်ဆေးမှုများပြုလုပ်ပြီးနောက် မော်လမြိုင်မြို့မရဲစခန်းသို့လွှဲပြောင်းခဲ့ပြီး၊ မော်လမြိုင် ရဲစခန်းမှူး ဦးလှထွန်းက တရားလိုပြုလုပ်ကာ ပုဒ်မ-၅၀(ည)၊ ၅၁(ဂ) တို့ဖြင့် အမှု့ဖွင့်ခဲ့ပြီး ယခုနှစ်ဇွန် ၃ရက်တွင်ယမန်ယူပြီး ကျိုက်မရောထောင်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်

မနုနုအောင်သည် ခြေထောက်အရွတ်ပြဲ အကြောရောင်ရောဂါခံစားနေရကာ မခက်ခက်သည် အာရုံကြောအားနည်းရောဂါဖြင့် ခန္ဓာကိုယ်အောက်ပိုင်းချိနဲ့ နေသူများဖြစ်သည်။

လက်ရှိ စွဲချက်တင်ထားသော ပုဒ်မ များဖြစ်သည့် ၅၀(ည) သည် အနည်းဆုံး ထောင်ဆယ်နှစ်မှ အများဆုံး ထောင်တစ်သက်အထိ ချမှတ် နိုင်ပြီး ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၅၁(ဂ) သည် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူ ကိုအနည်းဆုံး ထောင်ဒဏ်ငါးနှစ်မှ အများဆုံး ထောင်ဒဏ်ဆယ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်းချမှတ်နိုင်သည့် ပုဒ်မများဖြစ်သည်။