“ဒီတစ်ပတ် ရွှေဈေး အတက်အကျ ” (ဇွန် ၉ ရက်မှ ၁၅ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Jun 16, 2024

“ဖမ်းနေလည်း တက်နေတဲ့ ရွှေဈေး”

 

စစ်ကောင်စီရဲ့ ရွှေဈေးနှုန်းမြင့်မားနေမှုကို ထိန်းချုပ်ရေးစီမံကိန်းအနေနဲ့ ရွှေလုပ်ငန်းပိုင်ရှင်တွေကို ဖမ်းဆီးတာ၊ လုပ်ငန်းပိတ်သိမ်းတာတွေ လုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့အပတ်က ရွှေဈေးနှုန်းတွေ တက်နှုန်းမြင့်ရာကနေ ပြန်လည်ကျဆင်းခဲ့ပါတယ်။

 

ဒါပေမဲ့လည်း ခဏတာသာ ဖြစ်ပြီး ဈေးကွက်ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည် ပြောင်းလဲနေတဲ့ ဈေးကွက်သဘောတရားကို စစ်ကောင်စီအနေနဲ့ ပြောင်းလဲနိုင်ခြင်းမရှိတာကြောင့် ဒီတစ်ပတ်မှာတော့ ရွှေဈေးနှုန်းတွေ ပြန်လည် မြင့်တက်လာခဲ့တာကို မြင်တွေ့ရမှာပါ။

 

စစ်ကောင်စီ လက်အောက်ခံ  ရန်ကုန်ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YGEA) ကတော့ ၎င်းတို့လူမှုကွန်ရက် စာမျက်နှာထက်မှာ အကယ်ဒမီ မီးလင်းရွှေ(၁၆ ပဲရည် အခေါက်ရွှေ) တစ်ကျပ်သား ကို ၄၆ သိန်း ၂ သောင်း ၉ ထောင် ၅ ရာ ၅ ဆယ် ၁ ကျပ် လို့ ဖော်ပြထားပြီး ရွှေလုပ်ငန်းရှင်တွေအနေနဲ့ (YGEA) ရဲ့ သတ်မှတ်ဈေးနဲ့သာ ရောင်းချရမယ်လို့လည်း ၎င်းတို့လူမှုကွန်ရက် စာမျက်နှာထက် အကြိမ်ကြိမ် ရေးသားဖော်ပြထားခဲ့ပါတယ်။

 

မြေပြင်ဈေးကွက် အတွင်းမှာတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို အရင်အပတ် ဈေးနှုန်းဖြစ်တဲ့  ၄၈ သိန်း ၁ သောင်းကနေ ၆ သိန်း ခွဲ တိတိ ပြန်လည်တိုးမြင့်လာခဲ့တာဖြစ်ပြီး ဒီဈေးနှုန်းဟာ YGEA သတ်မှတ်ဈေးနှုန်းနဲ့ ၈ သိန်း ၃ သောင်း ၄ ရာ ၄ ဆယ် ၉ ကျပ် ကွာဟနေခဲ့ပါတယ်။

 

အလားတူ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းကလည်း  ၄၆ သိန်း ၅ သောင်း ကျပ် ကနေ ၄ သိန်း ၇ သောင်း ကျပ်တိတိ တိုးမြင့်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးဘက်မှာတော့ တစ်အောင်စကို အမေရိကန် ၂၂၉၃ ဒေါ်လာကနေ အမေရိကန် ၄၀ ဒေါ်လာနှုန်း တိုးခဲ့တာပါ။

 

ဂျွန်လ ၁၅ ရက် စနေနေ့ မြေပြင်ဈေးကွက် အပိတ်ဈေးနျုန်းတွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၄ သိန်း ၆ သောင်းကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၁ သိန်း ၂သောင်းကျပ် နဲ့ ကမ္ဘာ့ရွှေ တစ်အောင်စ ကို အမေရိကန် ၂၃၃၃ ဒေါ်လာ ပေါက်ဈေးရှိခဲ့ပါတယ်။