အဖမ်းအဆီးလုပ်ပြီး စစ်ကောင်စီ ထိန်းဖို့လုပ်ခဲ့တဲ့ ရွှေနဲ့ ငွေဈေးပြန်လည်မြင့်တက်လာ ဒီနေ့ ရွှေဈေး ၅၄ သိန်းနဲ့ ဒေါ်လာဈေး ၄၄၀၀ ကျပ်သို့ရောက်

Author ကိုထားဝယ် 
Categories
Published on Jun 13, 2024

စစ်ကောင်စီက အဖမ်းအဆီးတွေလုပ်ပြီး ရွှေနဲ့ ငွေဈေးတွေကို ထိန်းကျောင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဈေးတွေမကျဘဲ အခုတော့ ပြန်လည်မြင့်တက်လာနေတယ်လို့ အဲဒီဈေးကွက်တွေထဲကနေ သိရပါတယ်။

 

ပြင်ပရွှေဈေးကွက် တရားဝင်မဖွင့်လာနိုင်သေးသလို ရွှေဆိုင်တွေမှာလည်း တရားဝင် ဈေးဖွင့်မရောင်းချနိုင်ပေမဲ့လို့ အမှန်တကယ်အရောင်းအဝယ်ပြုလုပ်နေကြတဲ့ဈေးကွက်ထဲမှာတော့ ဒီနေ့ ဇွန်လ ၁၃ ရက်မှာ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၅၄ သိန်းကျပ်နဲ့ အမေရိကန်တစ်ဒေါ်လာ ၄၄၀၀ သို့မြင့်တက်လာတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက အဖမ်းအဆီးတွေ စတင်ခဲ့တဲ့ ဇွန်လဆန်းပိုင်းမှာ ပြင်ပရွှေဈေးကွက်ထဲ ၁၆ ပဲရည်တစ်ကျပ်သား ၅၂ သိန်းကျပ်နဲ့ရပ်ခဲ့သလို အမေရိကန်တစ်ဒေါ်လာ ၄၃၀၀ ကျပ်ရှိခဲ့တာပါ။

 

အခုတော့ ရွှေတစ်ကျပ်သားကို နှစ်သိန်းကျပ်နဲ့ ကန်တစ်ဒေါ်လာကို ၁၀၀ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လဆန်းပိုင်းတုန်းက ထိုင်းတစ်ဘတ် ၁၁၄ ကျပ်ကျခဲ့ရာကနေ ဒီနေ့မှာတော့ တစ်ဘတ် ၁၂၃ ကျပ်နီးပါးအထိပြန်မြင့်တက်လာခဲ့ပါတယ်။

 

အဲဒီလိုပဲ စင်ကာပူတစ်ဒေါ်လာ ၃၀၀၀ ကျပ်ကနေ ၃၃၀၀ ကျပ်၊ တရုတ် တစ်ယွမ် ၅၇၀ ဝန်းကျင်ကနေ ၆၁၅ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၈၈၀ ဝန်းကျင်ကနေ ၉၅၀ ကျပ်ဝန်းကျင်နဲ့ ဂျပန်တစ်ယန်းကို ၂၆ ကျပ်ကနေ ၂၈ ကျပ်အထိ အသီးသီးပြန်လည်မြင့်တက်လာခဲ့ကြတာကို တွေ့မြင်ရပါတယ်။

 

ဈေးကွက်ထဲ အဝယ်တွေ ပြန်လည်များပြားလာတာကြောင့် ရွှေနဲ့ နိုင်ငံခြားငွေဈေးနှုန်းများ ပြန်လည်မြင့်တက်လာရတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေလဲလှယ်သူတွေဆီကနေ သိရပါတယ်။

 

ဒါပေမဲ့ အရောင်းအဝယ်လုပ်သူတွေဟာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရမှာကြောက်လို့ ပေါ်ပေါ်ထင်ထင်မလုပ်ဆောင်ရဲဘဲ ခိုးကြောင်ခိုးဝှက်လုပ်ဆောင်နေရသလို ရွှေနဲ့ နိုင်ငံခြားငွေတွေကို အကန့်အသတ်နဲ့ ရောင်းပေးနေရတယ်လို့ ဆိုကြပါတယ်။

 

စစ်ကောင်စီဟာ မေလ ၂၆ ရက်နေ့က အွန်လိုင်းကနေလုပ်ဆောင်တဲ့ ငွေလဲလှယ်ရေးလုပ်ငန်း ၁၆ ခုက ဆက်စပ်သူတွေကို စတင်ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လဆန်းပိုင်းထဲ ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၂၁ ဦးကို ဖမ်းဆီးခဲ့သလို နာမည်ကြီး ရွှေလုပ်ငန်းရှင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံခြားငွေလဲလှယ်၊ ရောင်းချသူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တဲ့အပြင် ၁၁ ဦးကို ဖမ်းဝရမ်းထပ်ထုတ်ခဲ့ပါတယ်။