ရန်ကုန်မှာ အဓိကစားသောက်ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်၊ ဆန်ကြမ်းတစ်ပြည် ကျပ် ၅၀ဝ၀ ဖြစ်လာ

Author ကိုထက်
Categories
Published on Jun 04, 2024

စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း အဓိကစားသောက်ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာပြီး အခြေခံလူတန်းစားတွေစားကြတဲ့ ဆန်ကြမ်းတစ်ပြည် ကျပ် ၅၀ဝ၀ အထိ ဖြစ်လာတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။‌

 

ကျပ်ငွေတန်ဖိုး တရိပ်ရိပ်ကျဆင်းလာတာနဲ့အတူ ရွှေဈေး၊ နိုင်ငံခြားငွေဈေးတွေအဆမတန်မြင့်တက်လာခြင်းက အရာရာပြည်ပမှတင်သွင်းနေရတဲ့နိုင်ငံအတွက် ကုန်ဈေးနှုန်းတွေဟာလည်း လိုက်ပါမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

 

အခုတော့ တစ်ရက် ကျပ်တစ်သောင်းဝင်ငွေရှိတဲ့ လက်လုပ်လက်စားအလုပ်သမားတွေဟာ အခုကုန်ဈေးနှုန်းကြောင့် လောက်ငှမှုမရှိတော့ကြောင်း ပြောကြပါတယ်။

 

“ဆန်ကပဲ အရင်ထက်ကိုတက်သွားတာကြောက်စရာ။ တစ်ပြည် ငါးထောင်ဖြစ်သွားပြီ။ သူ့ထက်နိမ့်တဲ့ ဆန်နှစ်မျိူးလောက်တော့ရှိပါတယ်။ အဲဒီဆန်တွေကျ ကြက်စာအဆင့်ပဲရှိတယ်။ ကျွန်တော်တစ်ရက်လုပ်တာ တစ်သောင်းရတယ်။ ဆန်လေးလုံးဝယ်မယ်ဗျာ။ ဆီဝယ်မယ်။ တခြားဟင်းရံ မပါသေးဘူး။ ပိုက်ဆံတစ်သောင်းက ဘယ်လိုမှကို မလောက်တော့တာ” လို့ လက်ရှိ လှိုင်သာယာမြို့နယ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာလုပ်ကိုင်နေတဲ့ နေ့စားအလုပ်သမားတစ်ဦးက ပြောပါတယ်။

 

အဲဒီလိုကုန်ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့် စားသုံးကုန်တွေရောင်းတဲ့ လက်လီ/လက်ကားဆိုင်တွေလည်း အခက်တွေ့လာနေပါတယ်။

 

“ရောင်းလိုက်ရင် ၅၀ဝ ဆို ပြန်ဝယ်ရရင် အရင်းကို ၅၅၀၊ ၆၀ဝ လောက်ဖြစ်နေတယ်။ ပိုက်ဆံတစ်သိန်းဖိုး ဝယ်ရင်းလို့ အမြတ်ရဖို့နေနေသာသာ ပြန်တောင်စိုက်ရတယ်။ ကော်ဖီမစ်တွေဆို အာဏာမသိမ်းခင်ကမှ တစ်ပါကို ၂၇၀ဝ က တစ်ထုပ် ၁၀ဝ ရောင်းလို့ရတယ်။ အခုက တစ်ပါကို တစ်သောင်း၊ တစ်ထုတ် ၄၀ဝ လောက်မှပဲ ကိုက်တော့တာ။ စားသုံးသူတွေအတွက်လည်း ဈေးနှုန်းတွေက တစ်နေ့တစ်မျိုးနဲ့။ ဒီရက်ပိုင်း ဒေါ်လာဈေးအတက်ကြမ်းတဲ့အချိန် တော်တော်တက်သွားတာ” လို့ ကုန်စုံဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

လက်ရှိ ရန်ကုန်မြို့ရဲ့ လူထုနေ့စဉ်စားသုံးတဲ့ အခြေခံစားသောက်ကုန်ဈေးကွက်ထဲ ကြက်သား တစ်ပိဿာ ၁၃,၀ဝ၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၁၈,၀ဝ၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၆,၀ဝ၀ ကျပ်၊ ကော်ဖီမစ် အထုပ် ၃၀ ပါ ပါကင်တစ်ထုပ် ၉၀ဝ၀ ကျော်၊ ဆန်ကြမ်း ၂၄ ပြည်တစ်အိတ် ၈၀,ဝ၀ဝ မှ ၁၂၀,ဝ၀ဝ ကျပ်အထိဈေးရှိကြောင်း ရောင်းချသူတွေဆီကနေ သိရပါတယ်။

 

ကုန်ဈေးနှုန်းမြင့်တက်လာတဲ့အပြင် စားသုံးသူတွေအနေနဲ့ အလုပ်အကိုင်အဆင်မပြေမှုတွေကြောင့် ဝယ်ယူမှုကျဆင်းလာတဲ့အတွက် ဈေးအရောင်းအဝယ်ပါးသွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

 

ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်း‌‌တွေအနေနဲ့လည်း ကုန်ဈေးနှုန်းတွေမြင့်တက်လာပေမဲ့ ဝင်ငွေတိုးမလာဘဲ စားစရိတ်၊ နေစရိတ်၊ သွားလာစရိတ်များ ကြီးမြင့်လာတဲ့အတွက် အပိုဝင်ငွေမရှိတော့ကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – ကိုထက်