မွ တ်စ်လင်မ်လူထုအတွက်မဟုတ်ပဲ တစ်နိုင်လုံးရှိ အဖိနှိပ်ခံလူထုတစ်ရပ်လုံးအတွက်တိုက်ပွဲဝင်မည်ဟု PLMFထုတ်ပြန်

Author မွန်လေး
Categories
Published on Oct 02, 2022

မွတ်စ်လင်မ် လူထုအတွက် သက်သက်မဟုတ်ပဲ တစ်နိုင်ငံလုံးရှိ အဖိနှိပ်ခံလူထုတစ်ရပ်လုံးအတွက် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေး မွတ်စ်လင်မ်လွတ်မြောက်ရေး တပ်ဦး(PLMF)က ယနေ့ ထုတ်ပြန်ထားသည်။

PLMFအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံများ၊ မူဝါဒများအား လမ်းစဥ် ၃ရပ်ဖြစ်သည့် နိုင်ငံရေးလမ်းစဥ်၊ စည်းရုံးရေးလမ်းစဥ်၊ လက်နက်ကိုင်လမ်းစဥ်တို့ဖြင့် တော်လှန်ဖော်ဆောင်မည်ဖြစ်ကြောင်း၊ လွတ်မြောက်ရေးဆိုသည်မှာ မွတ်စ်လင်မ်လူထုအတွက်သက်သက်မဟုတ် တနိုင်ငံလုံးရှိ အဖိနှိပ်ခံလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် PLMFအနေဖြင့် EAOတစ်ခုအပါအဝင် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အခြားနိုင်ငံရေး၊ စည်းရုံးရေးစုဖွဲ့မှုများကို အသိပေးဖော်ပြသွားမည်ဖြစ်ကာ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေစ၊ လူမျိုးကြီးဝါဒဆန့်ကျင်ရေး၊ ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးနှင့် လူမှုတရားမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် အဓိပ္ပာယ်ဖွင့်ဆိုသော မွတ်စ်လင်မ်လူထုသည် ကမ်းရိုးတန်း၊ ပြည်မနှင့် တောင်တန်းဒေသ လူမျိူးစုအသီးသီးမှ အစ္စလာမ်ဘာသာ၀င်များအား ရည်ရွယ်ကြောင်း၊ ခေတ်အဆက်ဆက် စစ်တပ်၏ မွတ်စ်လင်မ်များအပေါ် ဦးတည် ဖိနှိပ်ခွဲခြားမှုများကြောင့် ယခုကဲ့သို ဝိသေသလက္ခဏာတရပ်ဖြစ်သည့် မွတ်စ်လင်မ်ဖြစ်တည်မှုအား ကိုင်စွဲတိုက်ပွဲ၀င်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ဘာသာရေးပဋိပက္ခများပေါ်ပေါက်ရန်ကြိုးပမ်းမှုများ၊ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်နေသူများအကြားသွေးထိုးလှုံ့ဆော်မှုများပြုလုပ်နေသည့် အခြေအနေတွင် လူမျိုးစုအသီးသီးမှ အစ္စလာမ်ဘာသာဝင်များ လူမျိုးပေါင်းစုံဆင်နွှဲနေသည့် တော်လှန်ရေးတွင် ပါဝင်လာရန်နှင့် စစ်အာဏာရှင်စနစ်အပါအဝင် ဖိနှိပ်နေသော ယန္တရားမှန်သမျှဖြိုဖျက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံအချို့၊ မီဒီယာအချို့နှင့် အမျိုးသားရေးအစွန်းရောက်တို့က မွတ်စ်လင်မ်တို့အား အကြမ်းဖက်သမားအဖြစ် ပုံဖော်ခြင်းသည် မှားယွင်းကြောင်းကို ဓမ္မဘက်ရပ်တည်တိုက်ပွဲဝင်ရင်းသက်သေပြမည်ဖြစ်ကာ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေးမျှော်မှန်းချက်များအကောင်အထည်ပေါ်ရေးအတွက် ချမှတ်ထားသော လုပ်ငန်းစဥ်၊ မူဝါဒများနှင့် လွတ်မြောက်ရေးအလံတော်အား သစ္စာမပျက်သယ်ပိုးမည့်သူများဖြင့် တိုးချဲ့တည်ဆောက်သွားမည် ဖြစ်ကြောင်း PLMFက ထုတ်ပြန်ထားသည်။