ရွှေဈေး ၅၈ သိန်းနဲ့ တစ်ဒေါ်လာ ၄၅၅၀ ကျပ်အထိ ဆက်လက်မြင့်တက်

Author ကိုထားဝယ် 
Categories
Published on May 29, 2024

ပြည်တွင်းရွှေဈေးကွက်ထဲ ၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၅၈ သိန်းနီးပါးနဲ့ အမေရိကန်တစ်ဒေါ်လာ ၄၅၅၀ ကျပ်တို့အထိ ဒီနေ့ မေ ၂၉ ရက်မှာ ဆက်လက်မြင့်တက်လာတယ်လို့ သက်ဆိုင်ရာဈေးကွက်တွေထဲကနေ သတင်းရေးသားချိန် ညနေ ၄ နာရီခွဲအခြေအနေအရ သိရပါတယ်။

 

ဒါကြောင့် ပြည်တွင်းရွှေဈေးဟာ မနေ့ မေ ၂၈ ရက်ကထက် ဒီနေ့ ညနေပိုင်းအချိန်အထိ နှိုင်းယှဉ်ချက်အရ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ်နှစ်သိန်းခွဲထိခုန်တက်သလို အမေရိကန်ဒေါ်လာဈေးဟာလည်း မနေ့ကထက် တစ်ဒေါ်လာကို ၁၇၀ ကျပ်အထိ ထပ်မံမြင့်တက်လာတာဖြစ်ပါတယ်။

 

ကျပ်ငွေဈေး ထိုးကျနေတာကြောင့် ကျန်တဲ့နိုင်ငံခြားငွေကြေးဈေးနှုန်းတွေအားလုံးဟာလည်း ဆက်လက်မြင့်တက်လာတာကို တွေ့ရပါတယ်။

 

ဒီနေ့ငွေကြေးဈေးကွက်ထဲ စင်ကာပူ တစ်ဒေါ်လာ ၃၃၂၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၂၆ ကျပ်နီးပါး၊ တရုတ် တစ်ယွမ် ၆၃၅ ကျပ်၊ ဂျပန်တစ်ယန်း ၂၉ ကျပ်နီးပါး ဈေးနှုန်းမြင့်တက်လာတယ်လို့ ငွေကြေးဈေးကွက်ထဲကနေ သိရပါတယ်။

 

အဲဒီထဲကမှ ပြီးခဲ့တဲ့ရက်ထဲ အဆမတန်မြင့်တက်ခဲ့တဲ့ မလေးရှားရင်းဂစ်ဈေးကတော့ ဒီနေ့မှာ အနည်းငယ် ပြန်ကျတာကို တွေ့မြင်ရပါတယ်။ မနေ့က မလေးရှား တစ်ရင်းဂစ် ၉၉၀ ကျပ်ကနေ ဒီနေ့မှာတော့ ၉၄၅ ကျပ်ကို ပြန်ဆင်းသွားပါတယ်။

 

အခုလို ရွှေဈေး၊ နိုင်ငံခြားငွေဈေးတွေ မြင့်တက်နေတာနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေနဲ့ ဈေးကွက်ကျွမ်းကျင်သူ ဘယ်သူကမှ မှတ်ချက်မပေးလိုကြဘူးလို့ ဆိုကြပါတယ်။

 

“ဘာမှတ်ချက်မပေးချင်ဘူး” လို့ ရွှေကုန်သည်တစ်ဦးလည်းဖြစ်၊ ဈေးကွက်ကျမ်းကျင်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒီလိုကျပ်ငွေဈေးနှုန်းတွေကျဆင်းပြီး ရွှေဈေး၊ နိုင်ငံခြားငွေဈေးတွေ မြင့်တက်နေပေမဲ့ ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စ အမေရိကန် ၂၃၄၂ ဒေါ်လာဝန်းကျင်နဲ့ ငြိမ်သက်နေဆဲဖြစ်ပါတယ်။

 

ဒါ့အပြင် ယခုရက်ပိုင်းထဲ ကုန်ဈေးနှုန်းဟာလည်း သိသိသာသာမြင့်တက်လာတာမျိုး မရှိသေးဘူးလို့ ရန်ကုန်မြို့၊ အခြေခံလုပ်သားတွေအများစုနေထိုင်တဲ့ ရွှေပြည်သာမြို့နယ်က အိမ်ရှင်မတွေက ပြောဆိုကြပါတယ်။

 

“ရွှေဈေး၊ ဒေါ်လာဈေး တက်ချင်တာတက်။ ပြည်သူတွေက စိတ်မဝင်စားတော့ဘူး။ ဒီရက်ထဲ ဈေးတောက်လျှောက်သွားနေတာပဲ။ ဈေးနှုန်းသိသိသာသာတက်တာမျိုးတော့ မရှိသေးဘူး” လို့ ရွှေပြည်သာမြို့ခံ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

 

အဲဒီမြို့က နောက်အိမ်ရှင်မတစ်ဦးကလည်း “ခရမ်းချဉ်သီး တစ်ဆယ်သား ၅၀၀၊ ကန်စွန်းရွက်တစ်စီး ၅၀၀ နဲ့ ဝက်သား တစ်ဆယ်သား ၁၈၀၀ နဲ့ပုံမှန်ဈေးပါပဲ” လို့ CJ Platform ကို ပြောပါတယ်။