ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ရောက်၊ မြန်မာဘက် မဦးတည်နိုင်လို့ အဝါရောင်အဆင့်သတ်မှတ်ဟု မိုးဇလဆို နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ မိုးသက်လေပြင်းကျရောက်နိုင်

Published on May 24, 2024

ဘင်္ဂလားပင်လယ်အော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ဖြစ်ပေါ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မနက်ပိုင်းမှာပဲ မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိသွားပြီဖြစ်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

 

ဒါပေမဲ့ ဒီမုန်တိုင်းငယ်(Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိလို့ အဝါရောင်အဆင့်လို့ သတ်မှတ်ထားကြောင်း မိုးဇလက ဆိုပါတယ်။

 

သို့သော် မုန်တိုင်းငယ်ဟာ နောက်နှစ်ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သလို နောက်လေးရက်အတွင်း အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ရောက်လာနိုင်တယ်လို့ မိုးဇလအပြင် ပြည်ပမိုးလေဝသဌာနတွေကပါ ခန့်မှန်ထားကြပါတယ်။

 

အဆိုပါ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ယနေ့နံနက်မှ မေလ ၂၇ ရက်အထိ လေးရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ချင်းပြည်၊ ရခိုင်ပြည်၊ ကရင်ပြည်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့နေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းပါတယ်။

 

ဒါ့အပြင် ဒီနေ့ မေလ ၂၄ ကနေ ၂၆ ရက်အတွင်း မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေ ကျနိုင်ပြီး လှိုင်းအလွန်ကြီးမယ်လို့ ဆက်လက်ခန့်မှန်းထားပါတယ်။

 

အဲဒီရက်ပိုင်းအတွင်း မိုးသက်လေပြင်းကျရောက်ချိန် မြေပြင်/ရေပြင် လေဟာ တစ်နာရီ မိုင် ၄၀ ကနေ ၆၀ အထိတိုက်ခတ်နိုင်သလို လှိုင်းလုံးအမြင့်ကလည်း ၉ ပေကနေ ၁၆ ပေအထိ ကြီးနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ဒါကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မိုးကြီး ရေလျှံမှု၊ မြေပြိုမှု၊ သစ်ပင်ပြိုလဲမှုတွေကို သတိနေထိုင်ကြဖို့ အကြံပြုတိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ – မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

 

ပုံစာ – ဒီနေ့ မေလ ၂၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ စက်ဆန်းကူးလမ်းမှာ မိုးသစ်လေပြင်းတိုက်လို့ သစ်ပင်လဲကျ