နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ အကူအညီတောင်းခံမှုကို ဥပေက္ခာမပြုသင့်ကြောင်း ဦးကျော်မိုးထွန်းပြောကြား

Author လင်းခိုင်
Categories
Published on Oct 01, 2022

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ အကူအညီတောင်းခံမှုကို ဥပေက္ခာမပြုသင့်တော့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

စက်တင်ဘာ ၃၀ရuf နယူးယောက်မြို့တွင်ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာတွင် အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်၌ တိုးတက်မှုများရှိခဲ့သော်လည်း အဆိုပါတိုးတက်မှုကို တရားမဝင် စစ်အာဏာသိမ်းမှုက ဖျက်ဆီးခဲ့ကြောင်း၊ ပြည်သူများသည် လုံခြုံရေးမှအစပြုကာ စီးပွားရေးအခက်အခဲအပါအဝင် စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရကြောင်း ပြောကြားသည်။

အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အခြေခံလူ့အခွင့်အရေးများ ဆိုးရွားစွာ ချိုးဖောက်ခံနေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်တပ်သည် ၁၉လအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကြောက်တရားစိုးမိုးစေရန်နှင့် ဒီမိုကရေစီလှုပ်ရှားမှု ရပ်တန့်စေရန် ရည်ရွယ်ချက်ထား လုပ်ဆောင်နေကြောင်း သံအမတ်ကြီးက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လူပေါင်း ၂၃၀၀ ကျော်သတ်ဖြတ်ခံထားရပြီး နေရပ်စွန့်ခွာသူ ၁ဒသမ၃သန်းကျော်ရှိကာ ပြည်သူ ၁၄သန်းကျော် စာနာထောက်ထားမှုအကူအညီများ လိုအပ်နေကြောင်း သံအမတ်ကြီးက ကုလအစည်းအဝေးတွင် ပြောကြားသည်။

ယင်းအပြင် နေအိမ် ၂၈၀၀၀ ကျော်ဖျက်ဆီးခံရခြင်း၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရခြင်း၊ ကလေးငယ် ၃၈၀ ကျော်သတ်ဖြတ်ခံရခြင်းနှင့် ကလေးငယ် ၁၄၀၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းများကို မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဦးကျော်မိုးထွန်းကပြောကြားသည်။

ထို့ပြင် စက်တင်ဘာ ၁၆ရက်ကလည်း ဒီပဲယင်းမြို့၊ လက်ယပ်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ကလေးငယ်ခုနှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးမှုသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုပိုမိုပြုလုပ်လာမှုကြောင့် ပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေ နေ့စဥ်နှင့်အမျှ ပိုမိုဆိုးရွားလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အကူအညီတောင်းနေသည့် အကူအညီမဲ့နေသော မြန်မာပြည်သူများ၏ အသံသည်ကျယ်လောင်၍ ရှင်းလင်းပြတ်သားကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအား မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကိုကာကွယ်ပေးနိုင်မည့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် မြန်မာပြည်သူများကိုယ်စား ထပ်မံတောင်းဆိုလိုကြောင်း သံအမတ်ကြီးက ကုလအစည်းအဝေးတွင် ပြောကြားခဲ့သည်။

Related News

Depend on news