တာဝတိံသာအလွန် ရွှေဈေး

Author ကိုထားဝယ်
Categories
Published on May 21, 2024

‘ရှိတန်ဆာ မရှိဝမ်းစာ’ ဆိုပြီး မြန်မာအများ ရွှေကို ဝယ်ယူစုဆောင်းလေ့ရှိပါတယ်။ အခုတော့ မရှိသူတွေ လက်လှမ်းမမီတော့သလို ရှိသူတွေလည်း လက်တွန့်နေရပါပြီ။

 

မြန်မာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကစပြီး ၁၆ ပဲရည် တစ်ကျပ်သား ကျပ်သိန်း ၅၀ ကိုကျော်လွန်သွားခဲ့ပါတယ်။

 

အဲဒီနောက် ပြန်မကျဘဲ ဒီနေ့ မေလ ၂၁ ရက်နေ့မှာ ၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၅၁ သိန်း လေးသောင်းနဲ့ ဈေးပိတ်သွားခဲ့ပြန်ပါတယ်။

 

ဒါဟာ ရက်ပိုင်းအတွင်း သမိုင်းတစ်လျှောက် စံချိန်စတင်တဲ့ မေ ၁၆ ရက် ငါးရက်အတွင်း တစ်သိန်းလေးသောင်း ထပ်တက်လာခဲ့တဲ့သဘောပါ။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသိတဲ့အထဲ ပြည်တွင်းရွှေဈေးနှုန်းတွေလည်းအပါအဝင် ဖြစ်လာပါတယ်။

 

အခုလို ရွှေဈေးတွေ စံချိန်တင်ရတာ ဘာကြောင့်ပါလဲ။

 

ကမ္ဘာ့ရွှေဈေး စံချိန်တင်သလို အမေရိကန်ဒေါ်လာဈေးတွေ စံချိန်တင်တာကြောင့်လို့ ရွှေလုပ်ငန်းရှင်ကြီးတွေက သတ်မှတ်ကြပါတယ်။

 

“ကမ္ဘာ့ရွှေဈေးတက်တာရယ်၊ ဒေါ်လာဈေးတက်တာရယ် ဒီနှစ်ခုဆုံသွားတာပေါ့နော်” လို့ ဝါရင့်ရွှေကုန်သည်ကြီးတစ်ယောက်က CJ Platform ကို ပြောပါတယ်။

 

သူပြောသလိုပါပဲ မြန်မာ့ရွှေဈေး ကမ္ဘာ့စံချိန်တင်ခဲ့ချိန် မေ ၁၆ ရက်နေ့က တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၃၇၀ ဝန်းကျင်သာရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ တောက်လျှောက်တက်လာခဲ့ပြီး အဲဒီငါးရက်အတွင်း တစ်အောင်စ ကန်ဒေါ်လာ ၈၀ အထိမြင့်တက်ခဲ့ပြီး ဒီနေ့မှာတော့ တစ်အောင်စ ကန်ဒေါ်လာ ၂၄၁၄ နဲ့ ဈေးပိတ်ခဲ့ပါတယ်။

 

အဲဒီလိုပဲ ပြည်တွင်းရွှေဈေးတက်ရခြင်းရဲ့ နောက်အကြောင်းအရင်းတစ်ခုဖြစ်တဲ့ အမေရိကန်ဒေါ်လာဈေးဟာလည်း တစ်ဒေါ်လာ ၄၀၅၀ ကျပ်အထိမြင့်တက်လာခဲ့တာပါ။

 

ဒါကြောင့် ပြည်တွင်းရွှေဈေးဟာ စံချိန်တင်ဈေးက မဆင်းဘဲ ဆက်တက်လို့ကောင်းနေဆဲဖြစ်ပါတယ်။

 

အခုရွှေဈေးတွေဟာ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲ ၁၆ ပဲရည် တစ်ကျပ်သား ၁၃ သိန်းကျပ်သာ ရှိခဲ့တာပါ။

 

အဲဒီနောက် ၂၀၂၂ ခုနှစ် ဩဂုတ်လထဲမှာ ကျပ်သိန်း ၃၀ ကျော်နဲ့ ပထမဆုံး စံချိန်စတင်ခဲ့ပါတယ်။ အဲဒီတုန်းကတည်းက မြန်မာ့ရွှေဈေးဟာ တစ်ကျပ်သားကို ကျပ်သိန်း ၄၀ အထိရောက်လာမယ်လို့ ခန့်မှန်းချက်‌တွေလည်း ရှိထားခဲ့တာပါ။

 

အဲဒီလို ခန့်မှန်းခဲ့တဲ့အတိုင်း ဒီနှစ် မတ်လထဲမှာ ပြည်တွင်းရွှေ တစ်ကျပ်သား ကျပ်သိန်း ၄၀ ကျော်လာခဲ့ပါတယ်။

 

အခု မေလ ၁၆ ရက်နေ့မှာတော့ ဆက်လက်စံချိန်တင်တဲ့အနေနဲ့ တစ်ကျပ်သားကို ကျပ်သိန်း ၅၀ ကျော်သွားခဲ့တာပါ။

 

ဒါပေမဲ့ ဘာဖြစ်မလဲ မခန့်မှန်းနိုင်သေးဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောကြပြန်ပါတယ်။

 

“အရမ်းကို တက်လည်း တက်နိုင်သလို ပြန်လည်း ကျနိုင်တယ်” လို့ ရန်ကုန်က ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

 

အဲဒီလို ရွှေဈေးတွေ စံချိန်တင်တက်ခဲ့တဲ့ ပြီးခဲ့တဲ့ရက်ထဲ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝန်ရေးဝန်ကြီးဌာနက ဒုဝန်ကြီးတွေနဲ့အတူ  အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြပါတယ်။

 

“ရွှေဈေးငွေဈေးကစားပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင်ဆောင်ရွက်သူများကို ဥပဒေနဲ့အညီ ကြီးကြပ်အရေးယူသွားမှာဖြစ်ပါတယ်” လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောသွားပါတယ်။

 

အဲဒီနောက် ရွှေဈေးကွက်မှာ စနစ်တကျရောင်းဝယ်နိုင်ဖို့၊ စံချိန်စံညွှန်းနဲ့ အခြေခံဈေးနှုန်းသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်တဲ့ ဈေးကွက်ဖော်ဆောင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါသေးတယ်။

 

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က လေပတ်ကားရောင်းဝယ်သူတွေကြောင့် အဆမတန်ဈေးနှုန်းမြင့်တက်နေရတာလို့ ပြောပါတယ်။

 

ဒါကြောင့် အဲဒီလူတွေကို အရေးယူမယ်လို့ပြောသလို စစ်ကောင်စီအနေနဲ့လည်း အရေးယူဖို့ တိုက်တွန်းပြောကြားသွားပါတယ်။

 

ဒါပေမဲ့ လွတ်လပ်တဲ့ ရွှေကုန်သည်တွေကတော့ အခုလို စံချိန်တင်ဈေးဖြစ်နေရတာဟာ လေပတ်ကားရောင်းဝယ်သူတွေနဲ့မဆိုင်ဘဲ ကမ္ဘာ့ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးကြောင့်လို့ပဲ မီးမောင်းထိုးပြကြပါတယ်။

 

“ဈေးတက်ရင်တော့ အဖမ်းအဆီးတွေဝင်လေ့ရှိတယ်။ ဝင်ရင်လည်း ကျလေ့တော့မရှိပါဘူး။ သူ့ဘာသူ အဖမ်းအဆီးရှိရင်လည်း ရှိတာပဲရှိတာ။ ဈေးတွေကတော့ သူ့ဟာနဲ့သူဖြစ်နေတာပါပဲ” လို့ ရွှေကုန်သည်တစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး အာဏသိမ်းခဲ့တဲ့ စစ်ကောင်စီစတင်အုပ်ချုပ်ချိန် ၂၀၂၂ ခုနှစ် မတ်လထဲမှာ ရွှေတစ်ကျပ်သား ကျပ်သိန်း ၂၀ ကို စကျော်ခဲ့ပါတယ်။ အဲဒီနောက် ငါးလအတွင်း အဲဒီနှစ် ဩဂုတ်လထဲမှာ တစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်သွားခဲ့ပြန်ပါတယ်။

 

ဆက်လက်ပြီး ဒီနှစ် မတ်လထဲမှာ တစ်ကျပ်သား သိန်း ၄၀ နဲ့ စံချိန်ထပ်တင်ခဲ့ပြီး နှစ်လအတွင်းမှာပဲ ကျပ်သိန်း ၅၀ ကျော်နဲ့ စံချိန်ထပ်ချိုးခဲ့ပြန်ပါတယ်။

 

ဒါကြောင့် စစ်ကောင်စီ အုပ်ချုပ်တဲ့ သုံးနှစ်ကျော်ကာလအတွင်း ရွှေဈေးဟာ လေးဆနီးပါး မြင့်တက်လာခဲ့တာပါ။ ကိန်းဂဏန်းအနေနဲ့ဆိုရင်တော့ ရွှေတစ်ကျပ်သားကို ၃၈ သိန်းအထိမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

 

သို့ပေမဲ့ အခြေခံလုပ်သားတစ်ဦးရဲ့ လုပ်ခလစာကတော့ လွန်ခဲ့တဲ့သုံးနှစ်ကျော်ကအတိုင်းပဲ ရှိနေဆဲဖြစ်ပါတယ်။