သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးအတွက် အီရန်မှာ ၅ ရက်တာ ပူဆွေးဝမ်းနည်းပွဲ ကျင်းပမယ်

Author လင်းနွေဦး
Categories
Published on May 20, 2024

အီရန်နိုင်ငံရဲ့ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် စုစုပေါင်း ၉ ဦးလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ မေလ ၁၉ ရက်နေ့ က ပျက်ကျခဲ့ပြီး အားလုံး အသက်ဆုံးပါးခဲ့တာကြောင့် ၅ ရက်တာ ပူဆွေးဝမ်းနည်းမှု ကျင်းပမယ်လို့ အီရန်အစိုးရပိုင်းက ကြေညာလိုက်ပါတယ်။

 

အီရန်သမ္မတ အီဗရာဟင် ရိုင်စီ(Ebrahim Raisi) ၊ နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အာမာ အဘ်ဒိုလဟိန်( Hossein Amir Abodollahian) အပါအဝင် အစိုးရအရာရှိပိုင်းတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ရေကာတာစီမံကိန်းဖွင့်ပွဲ တက်ရောက်ပြီး အပြန်လမ်း ဖြစ်တဲ့ အီရန်-အဇာဘိုင်ဂျန်နယ် နယ်စပ်မှာ ရာသီဥတု ဆိုးရွားတာကြောင့် ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်ပါသူ အားလုံးသေဆုံးခဲ့တယ်လို့ အီရန်အစိုးရက ဒီကနေ့ မနက်မှာ တရားဝင်ထုတ်ပြန် ကြေညာခဲ့တာပါ။

 

အခုလို ရဟတ်ယာဉ်ပျက်ကျမှုအတွင်း အီရန်သမ္မတ အသက်ဆုံးပါးခဲ့တာကြောင့် လက်ရှိမှာ ဒုသမ္မတ မိုဟာမက် မွတ်ခ်ဘာ(Mohammad Mokhbar)က ယာယီသမ္မတအဖြစ် တာဝန်ယူထားပြီး လာမဲ့ ရက် ၅၀ အတွင်း သမ္မတရွေးကောက်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။

 

အီရန်သမ္မတ အပါအဝင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို အီရန်နိုင်ငံရဲ့ Tabriz မြို့ကို ပြန်လည်သယ်ဆောင်သွားမှာ ဖြစ်တယ်လို့ CNN သတင်းမီဒီယာက ဖော်ပြပါတယ်။

 

အီရန်သမ္မတ ရုတ်တရက် သေဆုံးမှုအတွက် နိုင်ငံတကာ ခေါင်းဆောင်တွေက ဝမ်းနည်းမှု သဝဏ်လွှာပေးပို့တာတွေ၊ သူတို့ရဲ့ သက်ဆိုင်ရာ လူမှုကွန်ရက်စာမျက်နှာ အသီးသီးကနေ ဝမ်းနည်းကြောင်းရေးသားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

ရုရှားသမ္မတ ပူတင် က အီရန်သမ္မတကို “ထူးချွန်တဲ့ နိုင်ငံရေးသမား”လို့ ပြောကြားခဲ့သလို သူ့ရဲ့သေဆုံးမှုဟာ “အစားထိုးမရတဲ့ ဆုံးရှုံးမှု”လို့ ပြောကြားခဲ့ပြီး ပူတင်ရေးသားခဲ့တဲ့ သဝဏ်လွှာအတွင်းမှာ “ရုရှားနိုင်ငံရဲ့ မိတ်ဆွေစစ်ဖြစ်ပြီး နှစ်နိုင်ငံကြားက အဖိုးမဖြတ်နိုင်တဲ့ တိုးတက်ရေးဆိုင်ရာ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ လုပ်နိုင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို နည်းစနစ်ကျကျ တည်ဆောက်နိုင်ခဲ့သူပါ”လို့ ရေးသားထားခဲ့ပါတယ်။

 

ဒါ့အပြင် အီရန်နိုင်ငံနဲ့ ပနံသင့်တဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ၊ အီရန် သမ္မတဟောင်း၊ အီရတ် ဝန်ကြီးချုပ် မိုဟာမက် ရှီရာ၊ ပါကစ္စတန် ဝန်ကြိးချုပ် ရှီလ်ဘတ် ရှရဖ်၊ ဗန်နီဇွဲလား သမ္မတ နီကိုးလပ် မက်ဒရို၊ အာရပ်ပြည်ထောင်စု သမ္မတ ဇရဒ် နာညန်၊ ဆီးရီးယား သမ္မတ ဘရှာ အယ်-အာဆပ် တို့က အသီးသီးကလည်း ဝမ်းနည်းကြောင်း လူမှုကွန်ရက် X(ယခင် Twitter) မှာရေးသားခဲ့ပါတယ်။

 

အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟားမက်စ်(Hamas)၊ ဟိုသစ် (Houthis)၊ ဟက်ဇ်ဘိုလာ (Hezbollah) စတဲ့ လက်နက်ကိုင် အုပ်စုအသီးသီးကလည်း အီရန်သမ္မတ သေဆုံးမှုအပေါ် ဝမ်းနည်းပူဆွေးကြောင်း သဝဏ်လွှာ အသီးသီး ပေးပို့ခဲ့ပြီး အီရန်နဲ့ တစ်သားတည်း ထပ်တူရှိကြောင်း ဆိုထားကြပါတယ်။

 

အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန် စတဲ့နိုင်ငံတွေက အီရန်သမ္မတသေဆုံးမှုအပေါ် နှုတ်ဆိတ်နေကြပြီး နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေက အီရန်သမ္မတ သေဆုံးမှုဟာ အီရန်အစိုးရအဖွဲ့ပေါ်  ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်စေမှာမဟုတ်သလို လက်ရှိအရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အစ္စရေး-ဟားမက်စ် စစ်ပွဲအပေါ်မှာလည်း များစွာ သက်ရောက်မှုရှိမယ်လို့ မထင်ဘူးလို့ သုံးသပ်ပြောဆိုထားကြပါတယ်။

 

ဓာတ်ပုံ-CNN

 

ပုံစာညွှန်း- အီရန်သမ္မတ စီးနင်းလိုက်ပါခဲ့သည့် ရဟတ်ယာဉ်ကို အီရန်-အဇာဘိုင်ဂျန်နယ် နယ်စပ်တွင် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်