ကျီးခါးမြို့ကို CNA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်

Author ဆလိုင်း
Categories
Published on May 20, 2024

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီးခါးမြို့ကို မနေ့ မေလ ၁၉ ရက်နေ့မှာ ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားတယ်လို့ Chinland Defense Force – Hualngoram တာဝန်ရှိသူထံက သိရပါတယ်။

မေလ ၁၅ ရက်နေ့ကစပြီး ကျီးခါးမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး  မေလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ မြို့ကို သိမ်းပိုက်ရရှိထားတယ်လို့ CDF( Hualngoram) တာဝန်ရှိသူ တစ်ဦးက CJ Platform သို့ ပြောပါတယ်။

“ကျီးခါးမြို့ကိုတော့ နေ့လယ် ၁ နာရီလောက်က သိမ်းပိုက်လိုက်ပါပြီး။ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ပြီးတော့ တပ်စခန်းကိုလည်း မီးရှို့လိုက်ပြီ။”လို့ သူက ပြောပါတယ်။”

ဒါ့အပြင် တွန်းဇံမြို့အနီး စစ်ကောင်စီ နက်ဇံ တပ်စခန်းကိုလည်း မေလ ၁၈ ရက်နေ့က သိမ်းပိုက်ရရှိထားသလို တွန်းဇံမြို့မ ရဲစခန်းကိုလည်း  မေလ ၁၉ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ ထပ်မံ သိမ်းပိုက်ရရှိထားတယ်လို့ CDF(Hualngoram) တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တွန်းဇံမြို့မ ရဲစခန်းနဲ့ နက်ဇံကျေးရွာက တပ်စခန်းကိုလည်း သိမ်းပိုက်လို့ရပါပြီ။ စစ်သားတွေက မြို့ထောင့်တနေရာမှာ စုဝေးပြီး ခံစစ်တည်ဆောင်ပြီးတော့ တိုက်ခိုက်နေသေးတယ်ဆိုတော့ ကျွန်တော်တို့ တွန်းဇံမြို့ကိုတော့ အပြည့်ဝ မသိမ်းနိုင်သေးဘူး။ “လို့ သူက ဆိုပါတယ်။

 

အဲ့ဒီ စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိသလို့ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆည်းရမိပြီး CDF-Hualngoram ရဲဘော်တစ်ဦးလည်း တိုက်ပွဲတွင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

 

တွန်းဇံ တိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော်(CNA)ဦးဆောင်ပြီး  CDF(Tonzang), CDF(Thantlang), PDA(Tedim), CDF (CDM-Siyin), CDF(Hualngoram), (CDF-Hakha), CDF(Zanniatram), (CDF-Matupi) နဲ့ အခြား တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။

 

ချင်းပြည်နယ်မှာ လိုင်လင်းပီ၊ ရီခေါဒါရ်၊ ရေဇွာ၊ ကျင်ဒွေး၊ နှာရိန်း၊ ဝေဘူလ၊ မကွီအိမ်နူး၊ ဆူရ်ခွား စတဲ့မြို့တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး ပလက်ဝနဲ့ ဆမီးမြို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပါတယ်။