လှတောနဲ့ထင်ရှားတဲ့ ဝက်လက်မြို့လေး ဘာဖြစ်နေလဲ?

Author မင်းထက်
Categories
Published on May 15, 2024

အညာဒေသထဲ လှတောကျေးရွာလို့ ဆိုလိုက်တာနဲ့ စကားပြောကြွယ်သူတွေနေထိုင်ရာလို့သိကြပါတယ်။ အဲဒီလှတောနဲ့အတူ ဝက်လက်မြို့ကို တွဲစပ်သိကြတာပါ။ အခုတော့ လှတောသားတွေအပါအဝင် ဝက်လက်ဒေသခံတွေဟာ စကားထက် လက်တွေ့လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်နေကြတာပါ။

 

ဒါကြောင့် တော်လှန်သူတွေကို စစ်ကောင်စီဘက်ကလည်း လက်နက်အားကိုးနဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်နေပါတယ်။

 

အခုရက်ပိုင်းထဲမှာပဲ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ စစ်ကောင်စီက ည ၆ နာရီမှ မနက်​ ၆ နာရီအထိ ညမထွက်ရ(Martial Law)အမိန့်အပါအဝင် လူငါးဦးထက်ပိုမစုဖို့ ထုတ်ပြန်ထားတယ်လို့ အဲဒီက ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

 

“ည ၆ နာရီကျော်ထွက်ရင် ပစ်သတ်မယ်လို့ အမိန့်ထုတ်‌ပြန်ထားကြောင်း သိရပါတယ်” လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“လူ ငါးဦးထက်ပိုပြီး မစုဝေးကြဖို့ရယ်၊ စစ်မှုထမ်းဥပဒေ ထမ်းဆောင်ဖို့ ရပ်ကွက် ၃ ရပ်ကွက်ကနေ တစ်ရပ်ကွက်ကို ခြောက်ယောက်၊ ၁၈ ယောက်ပေးရမယ်” လို့ သူက ပြောပါတယ်။

 

ညမထွက်ရအမိန့်စာတွေကို ဝက်လက်မြို့ထဲရှိ ဓာတ်တိုင်တွေမှာ စစ်ကောင်စီလက်အောက်ခံတွေက လိုက်ကပ်ထားတာလို့ သူတို့တွေက ပြောပါတယ်။

 

အခုလို ညမထွက်ရအမိန့်ထုတ်ထားပြီး ဝက်လက်မြို့ပေါ်မှာ ဖမ်းဆီးခံရတာမျိုးတော့ မကြားမိသေးဘူးလို့ အဲဒီက မြို့ခံတွေက ပြောပါတယ်။

 

ဒါပေမဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက စာရင်းလိုက်လံကောက်ခံမှုတွေရှိနေတယ်လို့ သိရပါတယ်။

 

“အခုတော့ စာရင်းကောက်ထားတာတွေရှိပေမဲ့ ဖမ်းခေါ်တာမျိုးတွေတော့ မကြားမိသေးဘူး။ တချို့ဆိုလည်း ရှောင်နေတာမျိုးတွေရှိတယ်” လို့ ဝက်လက်ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဝက်လက်ထဲ စစ်ကောင်စီတပ်သားတွေရဲ့ စစ်မှုထမ်းစုဆောင်းရေး ဝါဒဖြန့်စာတွေကို အပတ်စဉ် ၁ ကတည်းက မြို့ထဲ လက်ကမ်းစာစောင်တွေအနေနဲ့ ဖြန့်ဝေခဲ့ကြတာပါ။

 

အဲဒီမှာ ‘စစ်မှုထမ်းဥပဒေဆိုတာဘာလဲ’ ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အချက် ရှစ်ချက်ပါဝင်တာကို တွေ့မြင်ရပါတယ်။ သူတို့ရဲ့ စည်းရုံးမှုမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူးတို့လို မဟုတ်ဘဲ အချိုသတ်ထားတဲ့အချက်အချို့ကို တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအချက်အလက်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေရဲ့ လုပ်ဆောင်ချက်တွေက မတူညီဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပထမဆုံး စစ်မှုထမ်းဥပဒေပြဌာန်းပြီး ချက်ချင်းခေါ်မှာ မဟုတ်ပါ။ (၂)နည်းဥပဒေစနစ်တကျရေးဆွဲပြီးမှ ခေါ်ယူမယ်။ (၃)လူနည်းနည်းပဲ ခေါ်မယ်။ (၄)အခုသင်တန်းတက် ရှေ့တန်းထွက်ခိုင်းမှာမဟုတ်ပါ။ (၅)အနာဂတ်နိုင်ငံတော်အတွက် လိုအပ်မှ သတ်မှတ်အရေအတွက်တိုင်းခေါ်ယူမယ်။ (၆) သင်တန်းပြီးရင် ကိုယ့်ရပ်ရွာမှာပဲ တာဝန်ထမ်းရမယ်။ (၇) ရှေ့တန်းမထွက်ရဘဲ နောက်တန်းမှာပဲ တာဝန်ထမ်းရမယ်။ (၈) တာဝန်ပြီးကြောင်းလက်မှတ်ရရင် အကျိုးခံစားခွင့်ရရှိမယ်ဆိုတဲ့ အချက်တွေကို တွေ့မြင်ရပါတယ်။

 

ဒါပေမဲ့ ဝက်လက်မြို့ထဲ တကယ်တမ်းစစ်မှုထမ်း စုဆောင်းတဲ့အခါမှာ အထက်ပါအချက်တွေနဲ့ မညီညွတ်ဘဲ မလျော်ဩဇာသုံးတာတွေ၊ လာဘ်စားတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

အခု စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စစ်ကောင်စီက တိုင်းနဲ့ ပြည်နယ်တချို့မှာ သင်္ကြန်ပိတ်ရက်အလွန် လူသစ်စုဆောင်းရာ ကြိုတင်အကြောင်းမကြားဘဲ အိမ်သို့ ရုတ်တရက်လာရောက်ပြီး တစ်ပါတည်း ခေါ်ဆောင်တာ၊ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးတာမျိုးတွေရှိနေတာပါ။

 

အဲဒီလို သတင်းတွေကြောင့် ဝက်လက်မြို့က ဒေသခံအမျိုးသားတွေဟာလည်း တိမ်းရှောင်နေတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ကျင့်သုံးမယ်လို့ ဒီနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ ကြေညာခဲ့ပြီး ၂၀၁၉ သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူ အမျိုးသား ၆ သန်းကျော်နဲ့ အမျိုးသမီး ၇ သန်းနီးပါးရှိနေတာပါ။ သူတို့ဟာ စစ်မှုထမ်းဖို့ ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အညာဒေသထဲက ဝက်လက်မြို့လေးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားကောင်းသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်နဲ့ လူအင်အားအများအပြားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်တာတွေ၊ စစ်ကြောင်းထိုးတာတွေ နေ့စဉ်လို လုပ်ဆောင်ခံနေရတဲ့ ဒေသပါ။ တစ်ဖက်မှာလည်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။

 

ဒါကြောင့် ဝက်လက်မြို့ပေါ် ရပ်ကွက်ကြီး သုံးခုနဲ့ ကျေးရွာ ၉၀ တို့မှာ စစ်ကောင်စီက အမြဲလို စစ်ကြောင်းထိုးမှုတွေရှိနေတာကြောင့် စစ်ရေးတင်းမာနေပါတယ်။

 

“အဲဒီဘက်တွေကတော့ အရင်ကတည်းက စစ်ရေးအခြေနေကတော့ မငြိမ်ဘူး။ တင်းမာနေတဲ့အနေထားပဲ” လို့ အဲဒီက နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ရက်တွေကလည်း စစ်ကြောင်းထိုးတာတွေရှိတာကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်ရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

ဝက်လက်မြို့က စစ်ဘေးရှောင်ရသူတွေမှာလည်း တခြား အညာဒေသတွေလိုပဲ ယာယီစစ်ဘေးရှောင်ရသူနဲ့ ရက်ရှည်စစ်ဘေးရှောင်သူတွေဆိုပြီး နှစ်မျိုးရှိနေတာပါ။

 

စစ်ကောင်စီ စစ်ကြောင်း ရုတ်တရက်ဝင်လာလို့ စစ်ဘေးရှောင်ရသူ ရာနဲ့ချီရှိသလို အထိုင်တပ်အနေနဲ့ တပ်စွဲထားတာကြောင့် ရက်ရှည်စစ်ရှောင်နေရသူ ထောင်နဲ့ချီလည်း ရှိတယ်လို့ အဲဒီက စစ်ဘေးရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။

 

ရွှေဘိုတူးမြောင်းရှိရာမြို့လေးဖြစ်တာကြောင့် ရွှေဘိုခရိုင်ထဲ ဆန်စပါးအထွက်ဆုံးမြို့ဖြစ်တာနဲ့အညီ စိုက်ပျိုးရေးလေးလုပ် ရိုးရိုးသားသားအေးအေးဆေးဆေးနေထိုင်ကြတဲ့ အညာသူ/သားတွေဟာ အခုတော့ မအေးမဆေးမတည်မငြိမ်နဲ့ နေရပ်စွန့်ခွာသူကစွန့်ခွာ၊ လက်နက်ကိုင်စွဲပြီး စစ်ကောင်စီကို တော်လှန်နေကြသူတွေကလည်း တော်လှန်နေကြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်