မန္တလေးတွင် လူသေဆုံးသည်အထိ အပူဒဏ်ခံစားနေရခြင်းကြောင့် မိုးခေါ်လွန်ဆွဲပွဲများ ပြုလုပ်လာ

Author အညာသား
Categories
Published on May 01, 2024

သင်္ကြန်ပြီးနောက်ပိုင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်းမြင့်တက်လာပြီးနောက် မန္တလေးနှင့် အခြားဒေသများတွင် လူသေဆုံးသည်အထိ အပူဒဏ်ကိုခံစားနေရခြင်းကြောင့် မိုးခေါ်လွန်ဆွဲပွဲများ ပြုလုပ်လာကြောင်း သိရသည်။

ယခုကဲ့သို့ နွေရာသီ အပူချိန်မြင့်တက်မှုဒဏ် ဆိုးရွားစွာခံစားလာရသည့်အချိန်တွင် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေ ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ငါးရံမင်းရုပ်တုများကို ပင့်ဆောင်ကာ မိုးပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲနှင့် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပပြုလုပ်လေ့ရှိသည်။

ငါးရံ့မင်းပင့်ဆောင်ပွဲ မိုးပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲနှင့်မိုးခေါ်လွန်ဆွဲပွဲကို ဒုတိယအကြိမ်မြောက်အဖြစ် ပုသိမ်ကြီးမြို့နယ် မိုင်ကုန်းကျေးရွာ၌ ယနေ့ မေ ၁ရက် ညနေ ၅နာရီက စတင်ကျင်းပခဲ့သည်။ မိုးခေါ်လွန်ဆွဲပွဲကို မေ ၁ရက်မှ ၅ရက်အထိ သုံးရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လွန်ဆွဲပွဲကတော့ ရိုးရာဓလေ့တစ်ခုလို့ပြောရမှာပေါ့။ ငါးရံမင်းပင့်ပြီး သံဃာတော်တွေက မိုးကမ္မဝါစာရွတ်ဖတ်ပြီး မိုးရွာသွန်းစေဖို့ မေတ္တာပို့ဆုတောင်းတာကတော့ ဘာသာရေးဆိုင်ရာ ယုံကြည်မှုတစ်ပါပဲ။ ဘုရားလောင်းငါးရံမင်းဘ၀တုန်းက အခုလို နွေရာသီမှာ အရမ်းပူပြီး ကန်ရေခန်းခြောက်သွားတဲ့အခါ တစ်ခြားရေနေသတ္တဝါတွေပါ သေကြေပျက်စီးရမယ့် ကိန်းစိုက်ရောက်ခဲ့တဲ့အတွက် ဘုရားလောင်းငါးရံမင်းက သစ္စာပြုပြီး မိုးရွာစေခဲ့တဲ့ အကြောင်းရာပေါ်အစွဲပြုလို့ အခုလို ငါးရံမင်းရုပ်တုပင့်ဆောင်တာနဲ့ မိုးခေါ်လွန်ဆွဲပွဲတွေ လုပ်ကြတာပါ”ဟု ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက်တွင် နေထိုင်သူစာရေးဆရာတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ယနေ့ မေ ၁ရက် မွန်းလွဲပိုင်းအချိန်က မိုးသက်လေပြင်းနှင့် မိုးအနည်းငယ်ရွားသွန်းမှုကြောင့် အပူချိန်အနည်းငယ်လျော့ကျခဲ့ကြောင်း သိရသည်။

 

မန္တလေးမြို့တွင် ယမန်နေ့ ဧပြီ ၃၀ ရက်အထိ ကမ္ဘာ့အပူဆုံးမြို့ ၁၅မြို့စာရင်းမှာ ပါဝင်ခဲ့ပြီး အပူချိန် ၄၄ဒဿမ ၅ ဒီဂရီ ဆဲလ်စီးယပ် အထိရှိခဲ့၍ အပူဒဏ်ကြောင့် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။

 

ဓာတ်ပုံ – AKT