“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဧပြီ ၂၁ မှ ၂၇ ရက်အထိ)

Published on Apr 28, 2024

ဒီအပတ်(ဧပြီ ၂၁ မှ ၂၇ ရက်အထိ)အတွင်း နိုင်ငံအနှံ့အပြား စစ်ရေးအခြေအနေတွေအနက် မြဝတီမြို့ရဲ့ စစ်ရေးအခြေအနေကို စိတ်ဝင်တစား အာရုံစိုက်စောင့်ကြည့်ခဲ့ကြပါတယ်။ မြဝတီမြို့ဟာ ကနေ့အချိန်ထိ  အဖွဲ့အစည်းတစ်ခုရဲ့ အုပ်ချုပ်မှုအောက်မှာ အလုံးစုံရှိမနေခဲ့ဘဲ သို့လောသို့လောနဲ့ ရှိနေတုန်းပါပဲ။ တစ်ဖက်မှာလည်း စစ်ကောင်စီဟာ တပ်သားသစ်ရရှိဖို့အတွက် စစ်မှုထမ်းဥပဒေနဲ့ အမှတ်စဉ်(၂) စစ်သင်တန်းပေးနိုင်ဖို့ ဆောင်ရွက်နေတုန်းဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ CJ Platform ရဲ့ တစ်ပတ်စာ သတင်းကောက်နုတ်ချက်ကတော့ “ဆယ်စုနှစ်ကြာမှ ပြန်ဖွင့်ခဲ့တဲ့ မနောမြေက တံခါးတစ်ချပ်” ဆိုတဲ့ခေါင်းစဉ်အပါအဝင် ကိုးကန့်ဒေသရဲ့ တရားစီရင်ရေး၊ ဘူးသီးတောင်-မောင်တောဒေသက အခြေအနေ၊ မြဝတီ အမှတ်(၁)တံတား စစ်ရေးအခြေအနေကြောင့် ပိတ်လိုက်/ဖွင့်လိုက်အခြေအနေမှ ပြန်လည်ဖွင့်လှစ်ဖြတ်သန်းခွင့်ပြုခဲ့တဲ့အကြောင်းအပြင် မင်းတပ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်းအရာတွေကို CJ Platform က တစေ့တစ်စောင်း ကောက်နုတ်ဖော်ပြထားပါတယ်။

****************************************

 

“ဆယ်စုနှစ်အကြာမှာ ပြန်ဖွင့်ခဲ့တဲ့ မနောမြေက တံခါးတစ်ချပ်”

 

ကချင်လွတ်လပ်ရေးတပ်(KIA)ဌာနချုပ် လိုင်ဇာမြို့မှာ စစ်ကောင်စီတပ်သားတွေ ကင်းစင်သွားပြီဖြစ်တဲ့အတွက် မြို့ဝင်ပေါက်ကို ဆယ်စုနှစ်တစ်ခုကြာမှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

 

ထိုဖွင့်လှစ်မှုနဲ့ပတ်သက်လို့ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က သူ့ရဲ့ လူမှုကွန်ရက်ကနေ “အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းခဲ့ကြပါတယ်။ (အောင်ပွဲခံခြင်းမဟုတ်ပါ။) ဆယ်နှစ်ကျော်မှ လိုင်ဇာဝင်ပေါက်တွေ ပြန်ဖွင့်နိုင်ခဲ့ချိန် ဒီဒေသမှာနေထိုင်သူတွေ အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးလွတ်လပ်မှုအရသာ ခံစားနိုင်ဖို့ ဆက်လက်ကြိုးစားကြရပါဦးမယ်”လို့ ရေသားပြောဆိုထားပါတယ်။

 

KIA ဟာ ဒီနှစ် မတ်လ ၇ ရက်ကစတင်လို့ ဌာနချုပ်လိုင်ဇာအနီးရှိ စစ်ကောင်စီစခန်းတွေကို စတင်ရှင်းလင်းတိုက်ခိုက်မှုနဲ့ ကချင်စစ်မျက်နှာကို ထိုးစစ်စတင်ဖွင့်လှစ်ခဲ့တယ်။

 

KIA ဟာ မတ်လနှောင်းပိုင်းမှာ လိုင်ဇာအနီးရှိ စစ်ကောင်စီစခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် မိုးမောက်မြို့ထဲက စစ်ကောင်စီစခန်းတွေကိုလည်း ကာလတိုအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

လက်ရှိအချိန်မှာလည်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ KIA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး KIA က စစ်ကောင်စီစခန်းတွေကို ဆက်လက်သိမ်းပိုက်နေဆဲဖြစ်ပါတယ်။

****************************************

 

“ကန့်ကွက်မှုတွေကြားက ကိုးကန့်ဒေသက ကွပ်မျက် တရားစီရင်ခန်း”

 

ကိုးကန့်တပ် MMDAA က လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရာဇဝတ်မှုကျူးလွန်သူ သုံးယောက်ကို လူအများရှေ့မှာပြသပြီး ဧပြီ ၂၄ ရက်က သေဒဏ်စီရင်ခဲ့ပါတယ်။

 

ပြည်သူ့တရားစီရင်ချက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရာဇဝတ်မှု ကျူးလွန်သူ ဆယ်ယောက်ထဲက သုံးယောက်ကို သေဒဏ်စီရင်ခံခဲ့ရပြီး ခုနစ်ယောက်ကတော့ ထောင်ချခံခဲ့ရပါတယ်။

 

“ဒါက တရုတ်ပြည်မှာ အရင်တုန်းက လုပ်ခဲ့တဲ့ ပုံစံပဲ” လို့ ကိုးကန့်ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

 

အခုလို ကွပ်မျက်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ EU သံရုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

ဘယ်နေရာ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် သေဒဏ်ပေးမှုကို ခိုင်ခိုင်မာမာ ဆန့်ကျင်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ သေဒဏ်ချမှတ်တာဟာ လူသားမဆန်တဲ့အပြင် လူ့ဂုဏ်သိက္ခာကို အဆုံးစွန်ဆုံး လျစ်လျူရှုရာရောက်တယ်လို့ EU က ပြောပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ နိုင်ငံတကာ စံနှုန်းတွေ တရားဥပဒေစိုးမိုးမှုတွေအတိုင်း လုပ်ဖို့လိုအပ်တယ်လို့လည်း EU ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

 

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်အပါအဝင် လေးယောက်ကို ၂၀၂၂ ခုနှစ်တုန်းက စစ်ကောင်စီက သေဒဏ်စီရင်ခဲ့ချိန်တုန်းကလည်း EU က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။

****************************************

 

“ရခိုင်မီး ဘယ်သူရှို့လဲ”

 

ရက္ခိုင့်တပ်တော် AA မှ လူမျိုးရေးအဓိကရုန်းတွေဖြစ်စေရန် ရည်ရွယ်ဖန်တီးနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧပြီ ၁၉ ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့မှုအပေါ် AA ပြောခွင့်ရ ဦးခိုင်သုခက သူ့ရဲ့ တယ်လီဂရမ်(Telegram)ချန်နယ်ကနေ ဧပြီ ၂၄ ရက်မှာ ရုပ်သံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန် ရှင်းလင်းခဲ့ပါတယ်။

 

“ဘူးသီးတောင်မြို့ပေါ်မှာ AA ကနေ စတင်တိုက်ခိုက်ခဲ့ကတည်းက အမှတ်(၅)ရပ်ကွက်မှာ လူနေတာတော်တော်နည်းတယ်။ အစကတည်းက လူမျိုးရေးပဋိပက္ခနဲ့ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်နိုင်တဲ့မြို့ဖြစ်ပါတယ်။ AA အနေနဲ့ လူမျိုးရေးပဋိပက္ခအသွင်ဆောင်အောင် လုပ်ဆောင်နေမှုသာဖြစ်ပြီး ၁၉၈၈ ခု မောင်တောပဋိပက္ခ၊ ၂၀၁၂ ခု ကျောက်နီမော်နဲ့ မသီတာထွေးဖြစ်ရပ်တွေမှာ စစ်တပ်ဘက်က လူမျိုးရေးပဋိပက္ခ ဘယ်တုန်းကမှ မဖန်တီးခဲ့ဘူး” ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၉ ရက် ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

 

AA ပြောခွင့်ရ ဦးခိုင်သုခ ထုတ်ပြန်လာတဲ့ မှတ်တမ်းရုပ်သံဖိုင်အတွင်း ဘူးသီးတောင်မြို့ အမှတ်(၄/၅/၆) ရပ်ကွက်အတွင်းရှိ လူနေအိမ်တွေမီးလောင်နေတာကို ကုန်းမြင့်တစ်နေရာကနေ ညပိုင်းအချိန်မှာ ဒေသခံတစ်ဦးက မှတ်တမ်းတင်ထားနိုင်ခဲ့တာကို တွေ့မြင်ရပါတယ်။

 

မီးရှို့မှုကို ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ Arakan Rohingya Army (ARA)၊ Arakan Rohingya Solvation Army(ARSA)၊ Rohingya Solidarity Organization (RSO) စတဲ့ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေ လုံခြုံရေးစောင့်ကြပ်နေတဲ့ကြားက ဒေသခံနှစ်ဦးဟာ မီးရှို့ခံရတဲ့ ရပ်ကွက်တွေအတွင်းကို ဝင်ရောက်ပြီး မှတ်တမ်းရုပ်သံတွေ ထပ်မံရယူနိုင်ခဲ့တာကိုလည်း ရုပ်သံဖိုင်အတွင်း ထည့်သွင်းဖော်ပြထားချက်အရ သိရပါတယ်။

 

အဲဒီရုပ်သံဖိုင်အတွင်း စစ်ကောင်စီလက်အောက်ခံ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA, RSO အဖွဲ့တွေနဲ့ မကြာသေးမီက စစ်ကောင်စီသင်တန်းပေးခဲ့တဲ့ မွတ်ဆလင်လက်နက်ကိုင်တွေမှ ရက္ခိုင်၊ ဟိန္ဒူနဲ့ တခြားမွတ်ဆလင်မဟုတ်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

****************************************

 

”ရွှေတံတားကြီး ဖွင့်ပါပြီ”

 

မြဝတီမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်လောက်က တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် ပိတ်လိုက်ဖွင့်လိုက် အခြေအနေရှိနေခဲ့ရာမှ ထိုင်း-မြန်မာနယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားကို ဧပြီ ၂၇ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF ပူးပေါင်းမဟာမိတ်တပ်တွေက ဧပြီ ၁၉ ရက် ညပိုင်းမှာ မြဝတီ မြို့စောင့်တပ် ခလရ-၂၇၅ ကနေ စခန်းစွန့်ခွာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီနောက် ဧပြီ ၂၀ ရက် နံနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေပုန်းခိုနေတဲ့ တံတားအောက်ကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းအင်အား အလွန်အကျွံ အသုံးပြုတိုက်ခိုက်မှုတို့ကြောင့် ဒေသတွင်း စစ်ရေးရေချိန် စိုးရိမ်ရေမှတ် ကိုရောက်ရှိခဲ့သလို မြဝတီမြို့ရဲ့ စစ်ရေးအခြေအနေသတင်းတွေကိုလည်း ပြည်တွင်းပြည်ပက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြပါတယ်။

 

အဲဒီလိုအခြေအနေတွေကြောင့် ထိုင်း-မြန်မာ နှစ်ဘက်စလုံးက ကုန်သွယ်ရေးတံတား အမှတ်(၂)နဲ့ ချစ်ကြည်ရေးတံတား အမှတ်(၁)တို့ကို ဧပြီ ၂၀ ရက်မှာ စတင်ပြီး ယာယီဖြတ်သန်းခွင့် ပိတ်ထားခဲ့တာဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ကုန်ကားတွေ အဓိက ဖြတ်သန်းသွားလာနေတဲ့ ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေး တံတားကတော့ တိုက်ပွဲတွေကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့အရာတစ်ချို့ကို ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဖွင့်လှစ်နိုင်မှုမရှိသေးဘူး။

****************************************

 

“ချင်းတို့ ဆေးရုံပေါ် ကြဲတဲ့ဗုံးကြောင့် လေးဦးသေဆုံး”

 

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဧပြီ ၂၅ ရက် ည ၈ နာရီအချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံပြည်သူလေးဦးသေဆုံးပြီး ၁၀ ဦးအထက်ဒဏ်ရာရရှိခဲ့သလို ဆေးရုံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

 

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ ဝမ္မသူးကျေးရွာဟာ စစ်ကောင်စီရဲ့ နိုင်ငံတော်ကောင်စီဝင် ဦးမောင်းဟာ ဇာတိကျေးရွာဖြစ်ပြီး လက်ရှိကာလမှာ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ယောဒေသ၊ မြိုင်၊ ပခုက္ကူ စတဲ့မြို့နယ်တွေက ဒေသခံလူနာတွေ အဓိက တက်ရောက်ကုသမှုခံယူနေကြရတဲ့ ဆေးရုံကြီးတစ်ခုဖြစ်ပါတယ်။

 

အဲဒီ ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူတွေရှိတဲ့ တခြားနေရာတွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

 

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဒေသအသီးသီးရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနဲ့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဟာ လေကြောင်းကို အဓိကထားတိုက်ခိုက်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ သာသနာဆိုင်ရာ အဆောက်အအုံတွေအပြင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေပါမကျန် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။