ယခုတော်လှန်ရေးသည် ပြည်သူငွေဖြင့်အဓိက မောင်းနှင်နေရသည့်အတွက် ကိုယ်ကျိုးအသုံးမပြုရန် ယာယီသမ္မတပြောကြား

Author လင်းခိုင်
Categories
Published on Sep 28, 2022

 

ယခုတော်လှန်ရေးသည် ပြည်သူပြည်သားများ၏ ပံ့ပိုးငွေဖြင့် အဓိကမောင်းနှင်နေရသည့်အတွက် ကိုယ်ကျိုးအသုံးမပြုရန် NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။

ယနေ့(စက်တင်ဘာ ၂၈)တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇ ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယာယီသမ္မတက နိုင်ငံတော်ဘဏ္ဍသည် မိမိတို့အစိုးရအတွက် အလွန်အရေးကြီးကြောင်း၊ အစိုးရယန္တရားတစ်ခုလုံး လည်ပတ်ရန် ဘဏ္ဍာငွေသည် အင်မတန်အရေးကြီးသည့် မဏ္ဍိုင်ဖြစ်ကြောင်းပြောကြားသည်။

ထို့ပြင် အစိုးရ၏ ကြီးမားလှသည့် ဘဏ္ဍာငွေအသုံးစရိတ်များကို ပြည်သူလူထု၏ ချွေးနည်းစာဖြင့် မတည်လည်ပတ်နေခြင်းဖြစ်သည့် အတွက် စနစ်ကျရန်၊ ဦးစားပေးကဏ္ဍများတွင်သုံးစွဲရန်၊ အလေအလွင့်မရှိရန်နှင့် ကိုယ်ကျိုးအတွက် အသုံးမပြုမိရန်အရေးကြီးကြောင်း ယာယီသမ္မတကပြောကြားသည်။

“ယနေ့အချိန်ထိ နိုင်ငံခြားတိုင်းပြည်များရဲ့ ထောက်ပံ့ငွေများ လုံးဝ မရရှိသေးသည့်အတွက် မိမိတို့ ပြည်သူပြည်သားများ၏ မေတ္တာစေတနာဖြင့် ပံ့ပိုးပေးသော ငွေများဖြင့်သာ ယခုတော်လှန်ရေးကို အဓိကမောင်းနှင်နေခြင်းဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

တိုက်ပွဲဝင်အစိုးရဖြစ်သည့်အတွက် PDFရဲဘော်များကို စုစည်းလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာဆေးဝါးများ ပံ့ပိုးပေးခြင်း၊ စစ်ဆင်ရေးစရိတ်များပံ့ပိုးပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အချို့အား မျှဝေပေးခြင်းစသည့် ကဏ္ဍများတွင် လစ်ဟင်းမှာမရှိစေရန် အချိန်နှင့်တပြေးညီ ဆောင်ရွက်နေရကြောင်း ၎င်းကပြော ကြားသည်။

Related News

Depend on news