တံတားဦးလေတပ်တိုက်ခိုက်မှု ဂျက်ဖိုက်တာ ၆ စင်းထိခိုက်ပျက်စီး၊ လေဆိပ်အနီး ပတ်နေသည့် စစ်ကားကို ထပ်မံတိုက်ခိုက်၊ လေးဦးသေဆုံးပြီး လေးဦးထွက်ပြေးလွတ်မြောက်

Published on Apr 22, 2024

မန္တလေးမြို့ အနောက်တောက်ဘက်ရှိ တံတားဦးလေတပ်စခန်းကို တိုက်ခိုက်မှုအတွင်း ဂျက်ဖိုက်တာ ခြောက်စင်းထိခိုက်ခဲ့ရာတွင် နှစ်စင်း အပျက်အစီးကြီးမားသည်ဟု တပ်တွင်းသတင်းရင်းမြစ်မှတစ်ဆင့် သိရကြောင်း Kyaukse Revolution Army(KRA) ကျောက်ဆည်တော်လှန်ရေးတပ် ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်လင်းက CJ Platform သို့ပြောသည်။

 

နှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် တံတားဦးလေတပ်စခန်းကိုတိုက်ခိုက်ခဲ့ရာတွင် Jet Fighter ဂိုထောင်ပေါ်သို့ တည့်တည့်ကျခဲ့ခြင်းဖြစ်သည်ဟု ဧပြီ ၁၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

 

ယင်းသတင်းနှစ်ပတ်သက်၍ CJ Platform မှ ယနေ့ ဧပြီ ၂၂ ရက်တွင် ဆက်သွယ်မေးမြန်းရာတွင် “ဂျက်လေယာဉ် ခြောက်စင်း ထိခိုက်တဲ့အထဲ နှစ်စင်းက ကြီးကြီးမားမားထိခိုက်ပျက်စီးသွားတယ်။ တစ်စီးကတော့ တောင်ပံကျိုးသွားတယ်” ဟု ကိုဉာဏ်လင်းက ဖြေကြားသည်။

 

အဆိုပါလေတပ်စခန်းကို KRA ၊ Freedom Revolution Force(FRF) အထူးတာဝန်တပ်ဖွဲ့ – ၁ နှင့် စဉ့်ကိုင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ၁၀၇ မမ (၁၀) လုံးနှင့် ၉၀ မမ ငါးလုံးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

ထို့နောက် ငါးရက်အကြာ ယမန်နေ့ ဧပြီ ၂၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် တံတားဦးလေတပ်စခန်းအနီး ကင်းပတ်နေသည့် စစ်ကားနှစ်စီးကို တိုက်ခိုက်ခဲ့ရာတွင် တစ်စီးကို ထိထိမိမိတိုက်ခိုက်နိုင်ခဲ့သည်ဟု KRA ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ကျောက်ဆည်မြို့ ခရိုင်ပတ်လမ်းမှတစ်ဆင့် တံတားဦး‌လေတပ်သို့ သွားရာလမ်းတစ်နေရာတွင် စစ်ကောင်စီတပ်သား ရှစ်ဦးလိုက်ပါလာသော DC ကားကို ကားမိုင်းအကြီး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့သည်ဟု KRA ပြန်ကြားရေးတာဝန်ခံ ကိုဉာဏ်လင်းက CJ Platform သို့ပြောသည်။

 

“ကားပေါ် ရှစ်ကောင်ပါတာ။ ကျွန်တော်တို့သတင်းအရင်းအမြစ်က အတိအကျသတင်းပေးလိုက်တာပါ။ မိုင်းဆွဲ ပြီးပြီးချင်း ကားက ဖင်ထောင်သွားတဲ့အချိန် ကားပေါ်က လေးကောင်ပဲ အောက်ဆင်းနိုင်တာ။ ကားပေါ်မှာထိုင်လာတဲ့ မြောက်ဘက်ဘေးက ထိုင်တဲ့သုံးကောင်နဲ့ ရှေ့ခန်းထဲက တစ်ကောင်သေတယ်” ဟု ပြောသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကြိုတင်သတင်းပေးချက်အရ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီး ကားပေါ်တွင်လိုက်ပါလာသူ စစ်ကောင်စီတပ်သား လေးဦးမှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု အထက်ပါတာဝန်ခံက ဆက်ပြောသည်။

 

အဆိုပါလေတပ်စခန်းသည် ပဇီကြီးကျေးရွာအပါအဝင် တစ်နိုင်ငံလုံးပတ်၍ ဗုံးကြဲနေသည့်လေတပ်စခန်းတစ်ခုဖြစ်သည်။

 

ဓာတ်ပုံ  – KRA